ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်

ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မိကရင်ကျေးရွာတစ်ဖက်ကမ်း BGF ကားမှောင်ခိုဂိတ်စခန်းမှ ရမ်းသန်းပစ်ခတ်မှုကြောင့် မိကရင်ရွာမှ ၇ နှစ်အရွယ် ကလေးငယ်အပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ (၁၇) ရက်၊ ညနေ (၄) နာရီခွဲဝန်းကျင်က အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ BGF-(၁၀၁၁) တပ်ရင်း၊ တပ်ခွဲ (၂)တပ်ခွဲမှူး ဗိုလ်မောင်ငြိမ်း ဦးဆောင်သည့်အဖွဲ့သည် သံလွင်မြစ်တဖတ်ကမ်းမှ ကူးတို့ဖြင့်ကူးလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိကရင်ကျေးရွာအတွင်းရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် မိကရင်ရွာမှအသက် (၂၇)နှစ်အရွယ် စောအောင်မြင့်ထွန်းနှင့် အသက်(၇)နှစ်အရွယ် နော်ခိုင်သဇင်ခင် တို့မှာနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် BGF များ၏ပစ်ခတ်မှုများကြောင့် မိကရင်ရွာမှ အသက်(၄၅)နှစ်ရှိ ဒေါ်မစန်းအေး၏ ဘယ်ဖက်မေးရိုးနှင့်ဒူးနှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရခဲ့ကာ အသက် (၁၂)နှစ်အရွယ်နော်ပြည့်ပြည့်မွန် ဘယ်ဘက်လက်ဖဝါးတွင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ (၁၇)ရက် ညနေ (၃)နာရီ (၃၀)မိနစ်က ကေအဲန်ယူ-ဖားအံမြို့နယ် မိကရင်ကျေးရွာ(သံလွင်မြစ်)တစ်ဖက်ကမ်းတွင် တပ်စွဲထားသော BGFကားမှောင်ခိုဂိတ်အဖွဲ့နှင့် KNLA-တပ်ရင်း (၁) နှင့်ပူးပေါင်းတပ်ဖွဲ့တို့အကြား

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး BGFဖက်မှ (၂) ဦးသေဆုံးခဲ့ကာ KNLAတပ်များပြန်လည်ဆုတ်ခွာလာပြီးနောက်ပိုင်းတွင် သံလွင်မြစ်တဖက်ကမ်းရှိ BGF -ဗိုလ်မောင်ငြိမ်းတို့အဖွဲ့မှ မိကရင်ရွာဖက်သို့ ကူးတို့ ဖြစ်ကူးလာပြီး ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

#ဖားအံ #BGF #ကားမှောင်ခိုဂိတ်စခန်း #သေဆုံး
#Ayeyarwaddy_Times