ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် (၄) ရပ်ကွက်တွင် ရွေးတုအစိုးရခန့် စစ်ထွက် အုပ်ချုပ်ရေးမှူး ဦးသီဟဇော် ဆိုသူသည် ဒေသခံများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာသည့် စာသင်ကျောင်း မူလလမ်းဟောင်းကို ပိတ်ဆို့ကာ ဘိလိယက်ခုံနှင့် ကွမ်းယာဆိုင် ဖွင့်လှစ်ထားသည့် အပြင် ပြည်သူများထံမှ စစ်မှုထမ်းကြေးနှင့် စားအုန်းဆီ ခွဲတမ်းများကိုလည်း ဆက်တိုက် ကောက်ယူ၍ စီးပွားရှာနေကြောင်း ဒေသခံများထံမှ သိရသည်။
ရွေးတုအစိုးရ စစ်တပ်မှ ခြေပြတ်ဒဏ်ရာဖြင့် ထွက်လာသူ အဆိုပါ အုပ်ချုပ်ရေးမှူး ဦးသီဟဇော်သည် အမှတ် (၄) ရပ်ကွက်ရှိ အ.မ.က (နတ်ချောင်း) စာသင်ကျောင်း၏ မူလလမ်းဟောင်းကို ပိတ်ဆို့၍ ၎င်း၏ “ဒို့အမျိုးသား” ကွမ်းယာဆိုင်၊ ဘိလိယက်ခုံနှင့် ရေကန်ပါ တူးဖော်ကာ ကိုယ်ကျိုးအတွက် အသုံးပြု နေခြင်းဖြစ်သည်။
“ဒီလူက စစ်တပ်က ထွက်လာပြီး အုပ်ချုပ်ရေးမှူး လုပ်နေတာ။ ကျောင်းလမ်းဟောင်းကို ပိတ်ပြီး ကွမ်းယာဆိုင်နဲ့ ဘိလိယက်ခုံ ဆောက်ထားတာကြောင့် နောက်ဘက်က အိမ်တွေ အတော်လေး ဒုက္ခရောက်တယ်။ မူလလမ်းက သွားလို့မရတော့လို့ အေးရှားဝါးဝန်းထဲက ပတ်ဖြတ်သွားနေရတယ်။ မြို့နယ်ကလည်း ဘာမှ မသိယောင်ဆောင်နေတာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် အဆိုပါ အုပ်ချုပ်ရေးမှူးသည် ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းပြ၍ လစဉ် စစ်မှုထမ်း ကြေးများ ကောက်ယူခြင်း၊ အစားထိုး လူစားထိုးရန်အတွက် အခြားအုပ်စုများထံမှ ငွေကြေး သိန်းဆယ်ချီ ကောက်ခံ၍ လူငယ်များကိုပါ ဖမ်းဆီးရောင်းစားခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
၎င်းအပြင် ပြည်သူများအတွက် ရည်ရွယ်သည့် ခွဲတမ်း စားအုန်းဆီများကို မှောင်ခိုဈေးနှင့် အခြားဈေးဆိုင်များသို့ သွင်းယူရောင်းစားနေသည့်အပြင် ရွေးတုအစိုးရ စစ်တပ် ကျောထောက်နောက် ခံဖြင့် လိုင်စင်မဲ့ တရားမဝင် KTV တစ်ခုကိုပါ ဖွင့်လှစ်ကာ စီးပွားရှာနေကြောင်း ဒေသခံများက ဆိုသည်။
“ပြည်သူတွေရဲ့ ခွဲတမ်း စားအုန်းဆီတွေနဲ့ စီးပွားရှာတယ်။ စစ်မှုထမ်း ခေါ်ကတည်းက အကြောင်းပြ ငွေတောင်းတာ။ မြို့နယ်ကလည်း အုပ်ကြီး ပြုတ်မှာဆိုးလို့ ဘာမှမလုပ်ရဲဘူး။ အထက်ကို ငွေပေးပြီး ဆက်လုပ်နေတာ။ အရင်က စစစ က လာစစ်သေးတယ်၊ ငွေပေးပြီး အမှုဖျောက်လိုက်တာပဲ” ဟု အမှတ် (၄) ရပ်ကွက် ဒေသခံတစ်ဦးက ဆက်လက်ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးသီဟဇော်၏ ရပ်ကွက်အတွင်း အကျင့်ပျက် ခြစားမှုများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ယခင်က လာရောက်စစ်ဆေးခဲ့ဖူးသော်လည်း လာဘ်ထိုး၍ အမှုဖျောက်ခဲ့သည့် အတွက် ယခုထက်ထိ စစ်မှုထမ်းကြေး ကောက်ခံခြင်းနှင့် လမ်းပိတ်ဆို့မှုများဖြင့် ပြည်သူများအား မတရား အနိုင်ကျင့်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – အမှတ် (၄ )ရပ်ကွက်အုပ်ချုပ်ရေးမှူး စစ်မှုထမ်းဟောင်း ဦးသီဟဇော်