ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ရက်
ရခိုင်ပြည်နယ်၊ ဝီရဌာနီ(ပေါက်တော)မြို့နယ်၊ ငပြီကျွန်းတွင် ရွေးတုအစိုးရစစ်တပ်က ထပ်မံထိုး စစ်ဆင်မှုများ ပြုလုပ်လာခြင်းကြောင့် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ပြင်းထန်လျက် ရှိကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၄ရက်နေ့အထိ တိုက်ပွဲဆက်လက် ပြင်းထန်ကာ နှစ်ဖက်ပစ်ခတ်သံများကြားနေရပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၂ရက်နေ့ ညနေပိုင်းမှစကာ စစ်တပ်ဘက်က ပြန်လည် ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်ကြောင်း သိရသည်။
”ကျွန်းကို ကမ်းတက်လာနိုင်တဲ့ တပ်တွေနဲ့ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့သိရပါတယ်။ မူလက ရွှေမင်းဂံက ပစ်ကူပဲရတာ။ အခု စစ်ကူ ပို့နိုင်သွားလို့ တိုက်ပွဲ ဆက်ဖြစ်တယ်” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရစစ်တပ်သည်နိုဝင်ဘာလ ၃ ရက်နေ့က စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံရေတပ်စခန်းနှင့် အမှတ် (၃) ဗျူဟာရေတပ်ဌာနချုပ်တို့မှတစ်ဆင့် စစ်သင်္ဘောများ၊ စက်လှေများဖြင့် ငပြီကျွန်းဘက်သို့ ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းများမှ သိရသည်။
စစ်ကူ စစ်ကြောင်းများအနက် ခမရ -၄၄ ၏ စစ်ကြောင်း နှစ် ခုမှာ ကျွန်းပေါ်သို့ ရောက်ရှိသွားခဲ့ပြီး လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းထန်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ငပြီကျွန်းရှိ စစ်တပ်တပ်ဖွဲ့ဝင်များနှင့် ရွှေမင်းဂံရေတပ်တို့ ပြန်လည် ချိတ်ဆက်မိပြီးနောက် ကျွန်းပေါ်မှ ဒဏ်ရာရ စစ်တပ် တပ်ဖွဲ့ဝင်များကို ပြန်လည်ဆွဲထုတ်သွားနိုင်ခဲ့ပြီး စစ်ကူများပါ ကမ်း တက်နိုင်ခဲ့ခြင်းဖြစ်သည်။
ရွေးတုအစိုးရစစ်တပ်သည် ငပြီကျွန်းကို ရေလမ်းကြောင်းမှတစ်ဆင့် အဆက်မပြတ် ထိုးစစ်ဆင် နေသလို AA ဘက်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တိုက်ခိုက်လျက်ရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနီတို့နှင့် တစ်မိုင်ခန့်သာဝေးသည့် ငပြီကျွန်းကို စစ်တပ်က အကြိမ်ကြိမ်ကမ်းတက်ရန်ကြိုးပမ်းနေသော်လည်း ပထမအကြိမ် ကမ်းတက် စဉ်ကတည်းက အင်အား ၅၀ ကျော်ပြုန်းတီးပြီးဖြစ်သည်။
ထို့အပြင် ကမ်းတက်ရန်ကူညီပစ်ခတ်ကမ်းကပ်သည့် စစ်သင်္ဘော လေးစီးအထိ AAက ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ပြီး ငပြီကျွန်းကိုလည်း လက်ရှိအထိ AA ဘက်က စိုးမိုးထိန်းချုပ်ထားဆဲဖြစ်သည်။