ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်

 

မြန်မာနိုင်ငံအတွင်း အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်နေမှုနှင့်အတူ စစ်မှုထမ်း အစားထိုးကြေး ဈေးနှုန်းများပါ လိုက်ပါ မြင့်တက်လာသဖြင့် ကျေးရွာများနှင့် မြို့အချို့တွင် အစားထိုး လူတစ်ဦးလျှင် ကျပ်သိန်း ၂၀၀ နီးပါးအထိ ပေါက်ဈေး ရှိလာကြောင်း သိရသည်။

 

လက်ရှိတွင် မြို့ကြီးများထက် ကျေးရွာများ၌ စစ်မှုထမ်းကြေး ပိုမို မြင့်တက်နေပြီး ကျေးရွာများတွင် လူငယ်လူရွယ်များ မရှိတော့သဖြင့် လစဉ် ခေါ်ယူသည့် စစ်မှုထမ်း သင်တန်းသားအတွက် အစားထိုး လူစားကြေးများ မြင့်တက်လာရခြင်း ဖြစ်ကြောင်း မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ ဒေသခံများထံမှ သိရသည်။

 

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် စစ်မှုထမ်း စာရင်းများ စတင် ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ယခု ၃ နှစ်တာ ကာလအတွင်း စစ်မှုထမ်း အစားထိုးရန်အတွက် လူတစ်ဦးလျှင် ကျပ်သိန်း ၅၀ မှ ယခု ကျပ်သိန်း ၁၈၀ အထိ မြင့်တက်လာသည်။ ထို့ပြင် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းရှိ မြို့နယ်များတွင်လည်း စစ်မှုထမ်းရန်အတွက် အစားထိုး လူတစ်ဦးလျှင် ကျပ်သိန်း ၈၀ မှ ၁၀၀ ကျော်အထိ ပေါက်ဈေး ရှိနေကြောင်း စုံစမ်းသိရသည်။

“အခုလို လကုန်ပြီဆိုတာနဲ့ ရွာကလူတွေ စိတ်ပူနေပြီ။ ရွာမှာ စစ်မှုထမ်းဖို့ လူရှိရင် ပိုက်ဆံ မပေးရဘူး။ လူမရှိတဲ့အခါဆိုရင် အဲဒီ ပေါက်ဈေးအတိုင်း ရွာမှာရှိတဲ့ အိမ်ခြေနဲ့ စားပြီး ကောက်ရတာ။ တစ်လနဲ့တစ်လ ပေါက်ဈေးပေါ် မူတည်ပြီး စစ်မှုထမ်းကြေး ပေးနေရတယ်။ ထမင်းစားဖို့ ခက်ပေမဲ့ စစ်မှုထမ်းကြေးကို ပေးမှရမယ်။ ရွာမှာ ယောက်ျားလေးတွေလည်း မရှိတော့ဘူး။ ရှိတဲ့သူလည်း အိမ်ပြင် မထွက်ရဲကြဘူး” ဟု တောင်တွင်းကြီးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းကို ပြောသည်။

 

ရွေးတုအစိုးရ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် ငွေကြေး တတ်နိုင်သည့် အမျိုးသား လူငယ်လူရွယ်များက ပြည်ပနိုင်ငံများသို့ ထွက်ခွာ အလုပ်လုပ်ကိုင်ကြပြီး ပြည်တွင်းတွင် ကျန်ရှိသူများမှာလည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ အိမ်တွင်းတွင်သာ ပုန်းအောင်းနေကြရသည်။

 

“စစ်မှုထမ်း ပါသွားမှာစိုးလို့ အိမ်အပြင်လည်း မထွက်ခိုင်းဘူး။ သားကို အိမ်ထဲမှာပဲ ထားတယ်။ အမေအိုကြီး ကျွန်မကပဲ ရှာကျွေးတယ်။ သားက အသက် ၃၀ လောက်ရှိပြီ၊ အိမ်မှာ ထမင်းချက် ဟင်းချက်ပေါ့။ ကျွန်မကတော့ ဈေးရောင်းတာပေါ့။ အပြင်ထွက်လို့ အဖမ်းခံလိုက်ရရင် ပြန်ရွေးစရာ ပိုက်ဆံမှ မရှိတာ။ တော်ရုံ ညဘက် ထွက်ရမယ့် ကိစ္စတွေ ရှိရင် ကျွန်မပဲ ထွက်တယ်” ဟု သားဖြစ်သူအတွက် စိုးရိမ်နေသည့် ဖြူးမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

ထို့ပြင် ရွေးတုအစိုးရ စစ်တပ်အတွက် တပ်သား စုဆောင်းရန် လမ်းပေါ် သွားလာနေသူများကို အဓမ္မ ဖမ်းဆီးခြင်းနှင့် အခြားနေရာများသို့ပါ ပြန်လည် ရောင်းစားခြင်းများ ရှိနေသဖြင့် ယောက်ျားသားများကို အိမ်တွင်သာ နေထိုင်စေပြီး အမျိုးသမီးများက ပြင်ပ စီးပွားရေး တာဝန်များကို ပိုမို ဦးဆောင် လုပ်ဆောင်နေကြရကြောင်း သိရသည်။

 

စစ်တပ်သည် တပ်သား စုဆောင်းရေးအတွက် ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၂၉) ကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကာ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းသက် ၂ နှစ်ပြည့်၍ အိမ်ပြန်ခွင့်ရသူ အမှတ်စဉ် (၆) အထိ ရှိလာပြီးဟုဆိုသော်လည်း အိမ်ပြန်ခွင်ရသည့် အရေအတွက်ကိုမူ တိတိကျကျ ကြေညာထားခြင်း မရှိပေ။

 

ဓာတ်ပုံ – လူမှုကွန်ရက်