ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်
ရွေးတုအစိုးရ စစ်တပ်သည် ပြည်တွင်းရှိ အရပ်သား ပြည်သူများအပေါ် လေကြောင်းမှ ဗုံးကြဲခြင်းနှင့် လက်နက် ကြီးများဖြင့် ပစ်ခတ် သတ်ဖြတ်နေမှုများ၌ တစ်စုံတရာ တာဝန်ယူ ဖြေရှင်းခြင်း မရှိသော်လည်း ထိုင်းနိုင်ငံဘက်သို့ ကျည်ဆန်း ကျရောက်သည့် ဖြစ်စဉ်၌မူ အလျင်အမြန် သတင်းထုတ်ပြန်၍ ဖြေရှင်းခဲ့သည်။
ရွေးတုအစိုးရ သတင်းမှန် ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာ၌ လွန်ခဲ့သည့် အောက်တိုဘာလ ၂၉ ရက်က ၁၂.၇ မီလီမီတာ စက်သေနတ်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိုင်းနိုင်ငံသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းတပ်မတော် တာဝန်ရှိသူများထံ အသိပေး ဖြေရှင်းထားကြောင်း ဖော်ပြထားသည်။

ထို့အပြင် ယင်းဖြစ်စဉ်အတွက် ရွေးတုအစိုးရ စစ်တပ်ဘက်မှ စာနာနားလည်ပါကြောင်းနှင့် အဆိုပါ ပစ်ခတ်မှုကို တော်လှန်ရေး အဖွဲ့အစည်းများဖြစ်ကြသည့် ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA)၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆင်ခြေပေး စွပ်စွဲထားသည်။
သို့သော်လည်း ပြည်တွင်းတွင် စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စာသင်ကျောင်း၊ ဆေးရုံနှင့် စစ်ဘေးရှောင်စခန်းများ အပါအဝင် ကလေးသူငယ်များနှင့် အပြစ်မဲ့ ပြည်သူ ရာပေါင်းများစွာ သေဆုံး ဒဏ်ရာရနေသည့် ဖြစ်စဉ်များ၌မူ မည်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုမျှ မရှိသည့်အပြင် နှုတ်ဆိတ် လျစ်လျူရှုထားသည်။
ယခုကဲ့သို့ ပြည်သူများ အစုလိုက် အပြုံလိုက် သေဆုံးနေရသည့် ဖြစ်စဉ်များ၌ ဖြေရှင်းချက် တစ်စုံတရာ မထုတ်ပြန်ခြင်းမရှိဘဲ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် စစ်တပ်အချင်းချင်း ဆက်ဆံရေး မထိခိုက်စေရန်အတွက် ရှင်းလင်း ချက် ချက်ချင်း ထုတ်ပြန်လာခြင်းမှာ ပြည်သူအပေါ် ထားရှိသည့် စစ်တပ်၏ သဘောထားအမှန်ပင်ဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။