ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်

 

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှ အသက် ၁၅ နှစ်အရွယ် ကျောင်းသား မောင်ခန့်ကိုကိုငြိမ်းနှင့် ဖခင်ဖြစ်သူ အသက် ၆၂ နှစ်အရွယ် ဦးစန်းမောင် တို့သည် ရန်ကုန်မြို့မှ ရေနံချောင်းသို့ ပြန်စဉ် ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဂိတ်အထွက်တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက) ဟု ပြောဆိုသည့် လူတစ်စု၏ ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရပြီးနောက် သတင်းအစအန ပျောက်ဆုံးနေကြောင်း မိသားစုနှင့် နီးစပ်သူ များထံမှ သိရသည်။

 

ရေနံချောင်းမြို့နယ်၊ စခန်းကန်အုပ်စု၊ ကန်သာကျေးရွာနေ ဦးစန်းမောင်နှင့် မောင်ခန့်ကိုကိုငြိမ်းတို့သည် ပြည်နယ်နှင့်တိုင်းအဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ၌ ပထမဆု ရရှိခဲ့၍ နေပြည်တော်၌ ကျင်းပသည့် ဗဟိုအဆင့် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရေနံချောင်းမြို့မှ ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။

မောင်ခန့်ကိုကိုငြိမ်းသည် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် အောက်တိုဘာ ၂၅ ရက် ရလဒ် ထွက်ပေါ်ချိန်တွင် ဆုရရှိခဲ့ခြင်း မရှိခဲ့ပေ။

 

ထို့ကြောင့် ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေသည့် မိခင်ဖြစ်သူထံ သွားရောက်တွေ့ဆုံခဲ့ပြီး မိခင်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်သဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဂိတ်ရှိ “ရွှေစင်မော်” မော်တော်ယာဉ်လိုင်းဖြင့် ဇာတိ ရေနံချောင်းမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

 

သို့သော် ကားဂိတ်ဝန်ထမ်းများ၏ ပြောကြားချက်အရ အောင်မင်္ဂလာအဝေးပြေး Terminal အထွက် တွင် ယာဉ် ငါး စီးခန့်ဖြင့် ရောက်ရှိလာသည့် လူတစ်စုက မိမိတို့ကိုယ်ကို လဝက နှင့် စရဖ မှဟု ပြောဆိုကာ ၎င်းတို့ စီးနင်းလာသည့် ခရီးသည်တင် မော်တော်ယာဉ်ကို တားဆီး၍ ဦးစန်းမောင်နှင့် မောင်ခန့်ကိုကိုငြိမ်းတို့ နှစ် ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြခြင်း ဖြစ်သည်။

“ပျောက်ဆုံးနေတဲ့ မောင်ခန့်ကိုကိုငြိမ်းဟာ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ဦးပါ။ ဦးစန်းမောင် ဆိုရင်လည်း မိသားစုကို ရိုးသားစွာ ရှာဖွေကျွေးမွေးနေတဲ့ လုပ်ငန်းလုပ်ကိုင်သူ ပြည်သူတစ်ဦး ဖြစ်ပါတယ်။ ခုလို အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတာကြောင့် မိသားစုဝင်တွေမှာ အရမ်း စိုးရိမ်နေကြပါတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

မိသားစုဝင်များသည် မောင်ခန့်ကိုကိုငြိမ်းနှင့် ဖခင်ဖြစ်သူ ဦးစန်းမောင်တို့ ဖမ်းဆီးခေါ်ဆောင် ခံရပြီး နောက် သက်ဆိုင်ရာ ဌာနများနှင့် တာဝန်ရှိသူများထံ အဆင့်ဆင့် လိုက်လံစုံစမ်းမှု ပြုလုပ်ခဲ့ သော်လည်း ယနေ့အချိန်အထိ မည်သည့်နေရာတွင် ထိန်းသိမ်းခံထားရသည်ကို တိတိကျကျ သိရှိရခြင်းမရှိသေးဘဲ သတင်းအစအန ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် ပျောက်ဆုံးနေသူ နှစ်ဦး၏ အသက်အန္တရာယ်အတွက် မိသားစုဝင်များက အထူးစိုးရိမ် နေကြပြီး ၂၇ ကြိမ်မြောက် မြန်မာ့ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ စီစဉ်ကျင်းပသူများ၊ သက်ဆိုင်ရာ သဘင်အစည်းအရုံး တာဝန်ရှိသူများအနေဖြင့် စုံစမ်းပေးပြီး မိသားစုထံ အကြောင်းကြားပေးရန် တောင်းဆို ထားသည်။

 

ဓာတ်ပုံ – ပေးပို့
ပုံစာ – ဖမ်းဆီးခံထားရသူ ဦးစန်းမောင်နှင့် ကျောင်းသား မောင်ခန့်ကိုကိုငြိမ်း