ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်
ကရင်နီပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွေးတုအစိုးရ စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် မွေးကင်းစကလေး အပါအဝင် ကလေးသူငယ်များ သေဆုံးခဲ့သည့်ကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်ကို ကမ္ဘာကျော် အဆိုတော် Zayn Malik က ၎င်း၏ Instagram အကောင့်တွင် ထပ်ဆင့်မျှဝေခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာကျော် အဆိုတော်အဖွဲ့ One Direction ၏ အဖွဲ့ဝင်ဟောင်းဖြစ်သူ Zayn Malik သည် ရွေးတုအစိုးရ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးသူငယ်များနှင့် ကျန်းမာရေးဝန်ထမ်းများ ထိခိုက်သေဆုံးရမှုအပေါ် စိုးရိမ်ကြောင်း ၎င်း၏ Instagram Story တွင် တင်ပြခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်များသည် မြန်မာနိုင်ငံ၏ ပဋိပက္ခများအတွင်း ကလေး သူငယ်များ ဆိုးရွားစွာ ဒုက္ခကြုံတွေ့နေရမှုကို ပြသနေပြီး၊ ကလေးများအတွက် လုံခြုံမှုရှိသင့်သည့် စာသင်ကျောင်းများ၊ ဆေးရုံ ဆေးခန်းများပါ ပစ်မှတ်ထား တိုက်ခိုက်ခံနေရကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် UNICEF အနေဖြင့် ထိခိုက်ခံခဲ့ရသည့် ကလေးသူငယ်များနှင့် မိသားစုများ၏ လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးနိုင်ရန် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်များမှာ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့က ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ခုကို စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် သုံး ဦး သေဆုံးပြီး ငါး ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ပါဝင်သည်။
အလားတူ ရခိုင်ပြည်နယ်အတွင်း ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများတွင်လည်း ယာယီ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ဆေးခန်းတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ မွေးကင်းစ ကလေးငယ်တစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ ထိခိုက်သေဆုံးခဲ့ရသည်။
ဆက်လက်၍ UNICEF က ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းများအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို လိုက်နာရန်နှင့် ကလေးသူငယ်များကို အကာအကွယ်ပေးကြရန် ထပ်မံ တောင်းဆိုထားသည်။
ကိုးကား – UNICEF