ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်
သီတင်းကျွတ်နှင့် တန်ဆောင်တိုင် ရုံးပိတ်ရက်ရှည်များအတွင်း ပုဂံ-ညောင်ဦးဒေသသို့ အလည်အပတ် ခရီးမသွားကြရန်နှင့် သွားရောက်၍ ထိခိုက်နစ်နာမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဌာနအနေဖြင့် မည်သည့်တာဝန်မှ ယူမည်မဟုတ်ဟု ရွေးတုအစိုးရ၏ ဌာနဆိုင်ရာ ဝန်ထမ်းများကို အစည်းအဝေးခေါ်ယူ၍ တင်းကျပ်စွာ သတိပေး တားမြစ်ထားကြောင်း Non-CDM ရုံးဝန်ထမ်းများထံမှ သိရသည်။
လက်ရှိ ပုဂံ-ညောင်ဦးဒေသနှင့် ဆက်စပ်နယ်မြေများတွင် ရွေးတုအစိုးရ စစ်တပ်၊ ပျူစောထီးများနှင့် တော်လှန် ရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းမျိုးစုံ လှုပ်ရှားလျက်ရှိပြီး ဒေသတွင်း လူပျောက်ဆုံးမှု ဖြစ်စဉ်များလည်း ရှိနေသည့်အတွက် ရွေးတုအစိုးရ စစ်တပ်ဘက်မှ နယ်မြေလုံခြုံရေး မစိုးမိုးနိုင်သည့် အခြေအနေကြောင့် ယခုကဲ့သို့ အထက်အမိန့်ဖြင့် တားမြစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အစည်းအဝေးမှာ အထက်လူကြီးတွေက တော်တော်လေး တင်းတင်းကျပ်ကျပ် မှာတယ်။ ပိတ်ရက်တွေမှာ ပုဂံ-ညောင်ဦးဘက်ကို ဘယ်သူမှ ခရီးမသွားကြဖို့၊ လုံခြုံရေးအရ တစ်ခုခုဆိုရင် ဌာနဘက်က ဘာတာဝန်မှယူမှာမဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း သတိပေးထားတယ်” ဟု အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီ၃၀မိနစ်ခန့်ကလည်း ပုဂံ-ညောင်ဦး လေဆိပ်မှ တက်လာသည့် ရွေးတုအစိုးရ စစ်တပ်၏ ဂျိုင်ရိုကောပတာ သုံးစီးသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့နယ် တောင်ပိုင်းရှိ ကျောက်ခွက်၊ အိုင့်ကျယ်နှင့် လယ်လန်း ကျေးရွာများအပေါ် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောက်ခွက်နှင့် လယ်လန်း ကျေး ရွာတို့မှ အရပ်သား ခုနစ် ဦး သေဆုံးခဲ့ပြီး ညပိုင်းတွင်လည်း ကျောက်ခွက်ကျေးရွာမှ အသက် (၁၃) နှစ်အရွယ် ကျောင်းသားတစ်ဦး ဒဏ်ရာပြင်းထန်ကာ ထပ်မံ သေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ရှစ် ဦးအထိ ရှိလာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယခုအခါ အဆိုပါ ဒေသသို့ သွားရောက်မည့် ခရီးသည်အချို့မှာ ခရီးစဉ်များကို ဖျက်သိမ်းခြင်း သို့မဟုတ် လမ်းကြောင်းလွှဲခြင်းများ ပြုလုပ်နေကြရပြီး ရွေးတုအစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း လုံခြုံရေး စိုးရိမ်ရသည့် အခြေအနေကြောင့် ဒေသတွင်း သွားလာလှုပ်ရှားမှုများအတွက် သတိပြုရန် တားမြစ်ခြင်း ဖြစ်ကြောင်း သိရသည်။