ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်

 

လက်ရှိ ကျင်းပလျက်ရှိသော အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီသည် အထက် လွှတ်တော် (ဆီးနိတ်) နှင့် အောက်လွှတ်တော် နှစ်ရပ်လုံးကို ပြတ်ပြတ်သားသား အနိုင်ရရှိကာ ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အမေရိကန် သတင်းဌာန CNN ၏ Decision Desk က ခန့်မှန်း ထုတ်ပြန်လိုက်သည်။

 

ယခုကျင်းပသည့် ၂၀၂၆ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲအတွက် နောက်ဆုံး မဲရေတွက်မှုများ ပြုလုပ်နေဆဲဖြစ်၍ ဒီမိုကရက်တို့ ရရှိမည့် အမတ်နေရာ အတိအကျ ပမာဏကိုမူ ဆက်လက် အတည်ပြုရန် ကျန်ရှိနေသေးသော်လည်း လွှတ်တော် နှစ်ရပ်လုံးတွင် သမိုင်းဝင် အနိုင်ရရှိမှုမှာ သေချာသွားပြီဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

ဒီမိုကရက်များသည် သမ္မတ ဒေါ်နယ်ထရမ့်အပေါ် လူထု၏ မကျေနပ်မှုများနှင့် လူကြိုက်နည်းမှုများမှ တစ်ဆင့် အဓိက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သမ္မတ ထရမ့်၏ ကျန်ရှိနေသည့် သက်တမ်း ၂ နှစ်အတွင်း ၎င်း၏ အစိုးရအဖွဲ့ ဆောင်ရွက်ချက်များကို စိစစ် တားဆီး ထိန်းချုပ်နိုင်မည့် လွှတ်တော် အာဏာစက်ကို ဒီမိုကရက်တို့ ရရှိသွားပြီဖြစ်သည်။

 

ယခု ရွေးကောက်ပွဲတွင် ဒီမိုကရက်များသည် ရစ်ပါဘလီကန် အားကောင်းသည့် နယ်မြေများအထိ ထိုးဖောက် အနိုင်ယူခဲ့ကြပြီး ဆယ်စုနှစ်ပေါင်းများစွာ ဒီမိုကရက်တို့ မနိုင်ခဲ့ဖူးသည့် နယ်မြေများတွင်ပါ အနိုင်ရရှိခဲ့ကြသည်။

 

အထူးသဖြင့် ၂၀၂၄ ခုနှစ်တုန်းက ထရမ့် ၁၈ မှတ်အသာဖြင့် အနိုင်ရခဲ့သော ဆောက်သ်ကာရိုလိုင်းနား ပြည်နယ်၊ ၁၉၉၄ ခုနှစ်နောက်ပိုင်း ပြည်နယ်အဆင့်တွင် ဒီမိုကရက်တစ်ဦးမျှ မနိုင်ဖူးသည့် တက္ကဆပ် ပြည်နယ်နှင့် ၁၉၃၂ ခုနှစ်နောက်ပိုင်း ဒီမိုကရက်တစ် ဆီးနိတ်အမတ်တစ်ဦးမျှ မရွေးချယ်ဖူးသော ကန်းဆပ် ပြည်နယ်တို့တွင်ပါ ဒီမိုကရက်တို့ မမျှော်လင့်ဘဲ အံ့အားသင့်ဖွယ် အနိုင်လုယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ကွန်ဂရက်လွှတ်တော် ထိန်းချုပ်ခွင့် အပြောင်းအလဲဖြစ်သွားခြင်းသည် လွန်ခဲ့သော ၂၂ လအတွင်း ဖြစ်ပျက်ခဲ့သည့် လှိုင်းထန်သော နိုင်ငံရေး အပြောင်းအလဲများကို မီးမောင်းထိုးပြနေသည်။

 

သမ္မတ ထရမ့်သည် ရစ်ပါဘလီကန်တို့ ထိန်းချုပ်ထားသော ကွန်ဂရက်လွှတ်တော်နှင့် အဖွဲ့အစည်း အတော်များများ၏ အုပ်ချုပ်ရေးအာဏာများကို ရယူခဲ့သော်လည်း ယခု ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ရစ်ပါဘလီကန်တို့ ကြီးမားသော ရှုံးနိမ့်မှုနှင့် ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း လွှတ်တော်နှစ်ရပ်လုံး၏ အာဏာစက် ထိန်းချုပ်မှုသည် ရွေးကောက်ပွဲ တစ်ကြိမ်တည်းတွင် တစ်ပြိုင်နက် ပြောင်းလဲသွားခြင်းမှာ ၂ ကြိမ်သာ ရှိခဲ့ဖူးသည်။

 

လက်ရှိ ကုန်ဈေးနှုန်း ကြီးမြင့်မှု (ငွေကြေးဖောင်းပွမှု)၊ ထရမ့်၏ အခွန်တိုးမြှင့် ကောက်ခံသည့် မူဝါဒများ၊ အီရန်စစ်ပွဲနှင့် သမ္မတ ထရမ့်၏ ပြုမူနေထိုင်ပုံများအပေါ် မဲဆန္ဒရှင်များ၏ စိုးရိမ်ပူပန်မှုတို့ကြောင့် ယခုကဲ့သို့ မဲပေးခဲ့ကြခြင်းဖြစ်သည်။ CNN ၏ Voter Poll အရ မဲဆန္ဒရှင် ၆၀ ရာခိုင်နှုန်းကျော်က ထရမ့်၏ ဆောင်ရွက်ချက်များကို သဘောမတူကြောင်း ပြသခဲ့ကြပြီး သုံးပုံနှစ်ပုံက ထရမ့်၏ မူဝါဒများသည် အမေရိကန် စီးပွားရေးကို ပိုမို ဆိုးရွားစေခဲ့သည်ဟု အကဲဖြတ်ခဲ့ကြသည်။

 

အောက်လွှတ်တော်တွင် ဒီမိုကရက်တို့ အနိုင်ရရှိမှုမှာ မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း၊ အထက် လွှတ် တော် (ဆီးနိတ်) ကိုပါ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းက ထူးခြားသည့် ရွေးကောက်ပွဲရလဒ် တစ်ခု ဖြစ်ခဲ့သည်။

 

အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၄ ရွေးကောက်ပွဲတုန်းက ဂဏန်းနှစ်လုံးအသာဖြင့် ထရမ့်ပြတ်ပြတ်သားသား အနိုင်ရခဲ့သည့် ဆောက်သ်ကာရိုလိုင်းနား၊ တက္ကဆပ်၊ အိုဟိုင်းယိုး၊ ကန်းဆပ်နှင့် အိုင်အိုဝါ ပြည်နယ်များတွင် ဒီမိုကရက်တို့က အပြိုင်အဆိုင် အနိုင်လုယူခဲ့ကြ ခြင်းဖြစ်သည်။

 

ဒီမိုကရက်များအနေဖြင့် လွှတ်တော်နှစ်ရပ်လုံးကို ထိန်းချုပ်ခွင့် ရရှိသွားခြင်းကြောင့် သမ္မတ ထရမ့် အစိုးရ၏ အရေးကိစ္စများကို စုံစမ်းစစ်ဆေးနိုင်သည့် အာဏာနှင့် ဆင့်ခေါ်စာထုတ်ပြန်နိုင်သည့် အာဏာများကို ပိုမို ရရှိသွားမည်ဖြစ်သည်။ ထို့ပြင် တရားလွှတ်တော်ချုပ် တရားသူကြီးနေရာ လစ်လပ်မှုများ ရှိလာပါက သမ္မတ ထရမ့် ခန့်အပ်လိုသည့် တရားသူကြီးလောင်းများကို ဟန့်တားနိုင်သည့် အခွင့်အာဏာပါ ဒီမိုကရက်တို့ လက်ထဲသို့ ရောက်ရှိသွားမည်ဖြစ်သည်။

 

သို့သော်လည်း သမ္မတ ထရမ့်တွင် ဗီတိုအာဏာ သုံးခွင့်ရှိနေသေးခြင်းနှင့် ဆီးနိတ်လွှတ်တော်တွင် ဥပဒေအများစုကို အတည်ပြုရန် မဲ ၆၀ အနည်းဆုံး လိုအပ်ခြင်းတို့ကြောင့် ဒီမိုကရက်တို့ပုံဖော်လိုသည့် မူဝါဒအများစုကို တိုက်ရိုက် အတည်ပြုနိုင်ရန်အတွက်မူ စိန်ခေါ်မှုများ ဆက်လက် ရှိနေဦးမည် ဖြစ်သည်။

 

ကိုးကား – CNN
ref : Democrats will win the Senate and House in overwhelming rebuke of Trump