ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်
ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်တက်စခန်းအနီးမှာ ရဟတ်ယာဉ် နှစ်စင်း ဆင်းသက်ဖို့ ကြိုးစားစဉ် ဝေဟင်မှာ တိုက်မိခဲ့တာကြောင့် အိန္ဒိယ ခရီးသွားတစ်ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာဟာ ဧဝရတ်တောင်တက်စခန်းရဲ့ တောင်ဘက် ၇ မိုင်ခန့် အကွာမှာရှိတဲ့ ဖေရီချေးကျေးရွာအနီးဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာပါ။
မတော်တဆမှုအတွင်း သေဆုံးသွားသူမှာ အိန္ဒိယနိုင်ငံသား ခရီးသွားဖြစ်တယ်လို့ Fishtail Air ရဟတ်ယာဉ်ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
ဖြစ်စဉ်မှာ Fishtail Air ကုမ္ပဏီပိုင် ရဟတ်ယာဉ်ရဲ့ ပန်ကာနဲ့ အခြားရဟတ်ယာဉ်တို့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဉ်ကြောင့် ရဟတ်ယာဉ်မှူးနဲ့ အခြား ခရီးသွားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့သူ ခရီးသွားမှာ နယူးဇီလန် နိုင်ငံသားတစ်ဦး ဖြစ်တယ်လို့ သက်ဆိုင်ရာ ခရိုင် အရာရှိက ပြောပါတယ်။ ဒဏ်ရာရရှိသူတွေကို ကယ်ဆယ်ပြီး ခတ္တမန္ဒူမြို့သို့ ဆေးကုသမှု ခံယူဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
တိုက်မိခဲ့တဲ့ အခြားရဟတ်ယာဉ်မှာ Air Dynasty ကုမ္ပဏီပိုင် ကုန်ပစ္စည်းတင် ရဟတ်ယာဉ်ဖြစ်ပြီး ရဟတ်ယာဉ်မှူးမှာ ဒဏ်ရာရရှိခြင်း မရှိခဲ့ပါဘူး။
နီပေါ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ရဟတ်ယာဉ် နှစ်စင်းစလုံး နေရာတစ်ခုကို တစ်ပြိုင်နက်တည်း ဆင်းသက်ဖို့ ကြိုးပမ်းစဉ် မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ရုပ်သံမှတ်တမ်းတွေအရ သာယာသော ရာသီဥတု ဖြစ်နေပြီး လေပြင်းတိုက်ခတ်မှု မရှိပေမယ့် ရဟတ်ယာဉ် တစ်စင်းမှာ အခြား တစ်စင်းထက် ပိုမို မြန်ဆန်စွာ ဆင်းသက်လာခဲ့တာကို တွေ့ရပါတယ်။
နီပေါနိုင်ငံဟာ တောင်ထူထပ်တဲ့ ပထဝီအနေအထားကြောင့် ရဟတ်ယာဉ်တွေကို အဓိက အသုံးပြုကြပေမယ့် ရာသီဥတု ရုတ်တရက် ပြောင်းလဲမှုနဲ့ မြင့်မားတဲ့ တောင်တန်းတွေကြောင့် လေကြောင်းအန္တရာယ် မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
ဖေရီချေးကျေးရွာဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄,၀၀၀ ကျော်မှာ တည်ရှိပြီး ဧဝရတ်တောင် တက်ရောက်တဲ့ခရီးစဉ်တွေမှာ အရေးပါတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။
News: BBC
Ref; Indian tourist killed after two helicopters collide near Everest base camp