ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်

မြန်မာအာဏာပိုင်တွေက လူမျိုးသုဉ်းသတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှုကို နိုဝင်ဘာလ ၁၉ ရက်မှာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က အပြီးသတ် စီရင်ချက်ချမယ်လို့ ထုတ်ပြန်ပါတယ်။

စီရင်ချက်နဲ့ ပတ်သက်လို့ အဓိကကျတဲ့ မေးခွန်းနဲ့အဖြေတွေကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်ခဲ့တာပါ။

၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဖိနှိပ်မှုတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ပြစ်မှုကျူးလွန်ခဲ့မှုတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်သလို လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုခဲ့ပါတယ်။

ယခုအမှုဟာ လူတစ်ဦးချင်းစီအပေါ် ပြစ်ဒဏ်ခတ်မယ့် ရာဇဝတ်မှုမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်မှုဆိုင်ရာ တာဝန်ရှိမှုကို ဥပဒေအရ အတည်ပြုပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

HRW ရဲ့ အကြီးတန်း နိုင်ငံတကာ တရားမျှတရေး အကြံပေး မာရီယာ အီလီနာဗစ်ဂနိုလီက ICJ ရဲ့ စီရင်ချက်ဟာ ရိုဟင်ဂျာတွေ တရားမျှတမှု ရရှိရေးအတွက် အရေးပါတဲ့ အခိုက်အတန့်ဖြစ်တယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေဟာ လက်ရှိအချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲဆိုတာကို ယခု စီရင်ချက်က မီးမောင်းထိုးပြသနေပါတယ်။

လူ့အခွင့်အရေးကို လေးစားတဲ့နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာတွေကို ကူညီပေးဖို့၊ တရားမျှတမှုရရေး ဆောင်ရွက်ပေးဖို့နဲ့ မူလနေရာသို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ကြဖို့ HRW က တိုက်တွန်းပါတယ်။

ယခု ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးသတ် စီရင်ချက်ဖြစ်ပြီး ထပ်မံ အယူခံဝင်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။
ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာ့နိုင်ငံရေးနဲ့ တရားမျှတမှု ဖော်ဆောင်ရေးအတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါတယ်။

News: Human Rights Watch
Ref; World Court Set to Rule in Myanmar Genocide Case