‎ဧရာဝတီတိုင်းမ်
‎‎နိုဝင်ဘာ ၃ ရက်
‎
‎

တော်လှန်ရေးကာလငါးနှစ်ကျော်ရောက်ရှိလာချိန်တွင် မြန်မာနိုင်ငံရေးနှင့်ဆက်စပ်ပြီး ကျားဖြန့်စင်တာအရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးများဆောင်ရွက်အတွက် လေးနှစ်စီမံကိန်းမူဝါဒကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
‎
‎

ယခု ၂၀၂၆ ခုနှစ်မှ လာမည့်လေးနှစ်အတွင်း ၂၀၃၀ ပြည့်နှစ်အထိ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရေးမူဝါဒချမှတ်ရာတွင် အမေရိကန်၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ဦးစားပေးချမှတ်လိုက်ပြီး မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံခြေကုပ်မယူနိုင်ရေးအတွက် အမေရိကန် ကြိုးစားလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

‎
‎”အမေရိကန်က တရုတ်တားဆီးရေး အနေနဲ့ လတ်တလောအစိုးရဦးစားပေးကိစ္စဖြစ်တဲ့ မြေရှားနဲ့ ကျားဖြန့်ကိုရောမွှေပြီးတော့ မြန်မာ့မြေမှာ တရုတ်ခြေကုပ် မရယူနိုင်ရေးအတွက် အဓိကဦးစားပေးဖြစ်ပုံရတယ်။ ဒါကပဲ အမေရိကန်အတွက်က အဓိက အရှေ့တောင်အာရှ မူဝါဒတခုလို ဖြစ်သွားပုံရတယ် ” ဟု မြန်မာ့သုတေသီ အမျိုးသားတစ်ဦးက သုံးသပ်ပြောကြားသည်။
‎

‎အမေရိကန်နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ၂၀၃၀ အထိ လုပ်ငန်းစီမံချက်အသစ်တွင် အွန်လိုင်းလိမ်လည်ရေးစခန်း နှင့် မူးယစ်ဆေးဝါးကွန်ရက် ဖြိုခွင်းရေး၊ ဒေါ်လာငါးသန်းကျော်တန်အမေရိကန်ကုန်ပစ္စည်းရောင်းရေးနှင့် မြေရှားသတ္တုအရေးတို့ပါဝင်သည်။

‎
‎ထို့ပြင် သက်ဆိုင်သူများအားလုံးပါဝင်သော ငြိမ်းချမ်းရေးအစီအစဉ်၊ ဒေသအတွင်း တရုတ်၏ ဩဇာကို ယှဉ်ပြိုင်ရန် အစိုးရ၊ စီးပွားရေး၊ အရပ်ဘက် အဖွဲ့များနှင့် ဆက်ဆံရေးတိုးချဲ့မည့်အကြောင်းများပါဝင်သည်။
‎
‎

” အဲဒီလိုမူဝါဒမှာပါတဲ့ တွေ့ဆုံဆွေးနွေးရေးအတွက်က အခုမှ ထုတ်ပြောတာဖြစ်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အထောက်အပံ့ပေးဖို့ တွေတောင်ခေါ်နေပြီ။ ဂရန့် တစ်ခုကို ဒေါ်လာ ၁ ဒသမ ၉ သန်းရှိတယ် ” ဟု မြန်မာ့သုတေသီတစ်ဦးက ဆိုသည်။
‎
‎‎

ပြီးခဲ့သည့်နှစ်လ၌ အမေရိကန်အစိုးရသည် နေပြည်တော်တွင် ရွေးတုအစိုးရနှင့်တွေ့ဆုံခြင်း၊ တိုကျိုတွင် စစ်ကောင်စီဘက်အရာရှိများနှင့်တွေ့ဆုံခြင်း၊ ဆန်ရှင်ထိထားသူရွှေဗျိုင်းဖြူ ကုမ္ပဏီအုပ်စု၏ သမီးဖြစ်သူ သိမ့်ဝင်းထက်ကိုစာရင်းမှ ပယ်ဖျက်ခြင်းတို့ပြုလုပ်ခဲ့သည်။
‎

‎ယခုနှစ် ဖေဖော်ဝါရီတွင် အမေရိကန်တင်ပို့ရောင်းချသူနှင့် မြန်မာဝယ်ယူသူများအကြား ပဲပုပ်ဖက်ရောင်းဝယ်ရေးသဘောတူစာချက်လက်မှတ်ရေးထိုးကြောင်း အမေရိကန်သံရုံး ထုတ်ပြန်ထားသည်။
‎

‎ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားများသည် အရှေ့တောင်အာရှ (မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား) အခြေစိုက် ကျားဖြန့်လုပ်ငန်းများကြောင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ဆုံးရှုံးခဲ့ရကြောင်း သံရုံးထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်