ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်
စစ်ရေးတင်းမာနေသည့် ဧရာဝတီတိုင်းအတွင်းကို စစ်ကားအစီးရေ ရာချီသုံး၍ အင်အားနှင့် လက်နက်ခဲယမ်းဖြည့်တင်းနေပြီး ပြုန်းတီးအင်အားများကို အစားထိုးဖြည့်တင်းရန်လုပ်ဆောင်လာကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၅ရက်နေ့မှစကာ ရန်ကုန်- ပုသိမ် လမ်းပိုင်းနှင့် ရန်ကုန်- ဟင်္သာတလမ်းပိုင်းကို အသုံးပြုကာ စစ်ကူနှင့် ခဲယမ်း၊ စက်သုံးဆီတင်လာသည့် ကားအစီးရေ ၁၀၀ ကျော် ဧရာဝတီတိုင်းအတွင်း ဝင်ရောက်ခဲ့ကြောင်း သတင်း ရင်းမြစ်များထံမှ သိရသည်။
”စစ်ကားတွေအစီးရေများများ ပုသိမ်ဘက်ကိုဝင်လာတာမြင်နေရပါတယ်။ စစ်ကူနဲ့ မိုးကာအုပ်ခဲယမ်းကားတွေပါတာလည်း တွေ့ရပါတယ်” ဟု ပုသိမ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
လတ်တလောတွင် အဆိုပါစစ်ကူနှင့် ခဲယမ်းယာဉ်တန်းအချို့ကို အနောက်တောင်တိုင်းစစ်ဌာချုပ်တွင်ထားရှိပြီး ယခင်ရောက်ရှိထားသည့် စစ်အင်အားများကို ကျုံပျော်ဘက်သို့ပို့ထားသည်ဟုလည်း သိရသည်။
တိုက်ပွဲအခြေအနေကို မသိရသေးသော်လည်း သာပေါင်းဘက်တွင်မူ စစ်ရေးတင်းမာဆဲဖြစ်နေပြီး စစ်တပ်က ရခိုင်တောင်ပိုင်းကို ပိတ်ဆို့ဝင်ရောက်ရေး အကောင်အထည်ဖော်သည့် အခြေအနေကို ဆက်လက်ကြိုးပမ်းနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယခုပို့ဆောင်သည့် စစ်အင်အားများတွင် အများစုမှာ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် သင်တန်းဆင်းလာသည့် တပ်သားသစ်အများစုဖြစ်ပြီး ရန်ကုန်တပ်ရင်းများမှ ထုတ်နှုတ်ထားသည့် တပ်ရင်း တပ်ဖွဲ့အချို့လည်း ပါဝင်နေသည်ဟု သိရသည်။