ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်
ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့နယ်အတွင်း ရှုပ်ထွေးသော ဖြစ်ရပ်များ တစ်ဖန်ပြန်လည် မပေါ်ပေါက်လာစေရန် တားဆီးကြရမည်ဟု တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ က ယနေ့ပြုလုပ်သည့် ပေကျင်းအစည်းအဝေးတွင် ရွေးတုအစိုးရခန့် ဝန်ကြီးကို တွေ့ဆုံပြောသည်။
တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ပြုလုပ်သော (၁၁) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေသည့် အာဏာသိမ်း ရွေးတုအစိုးရခန့်အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဟိုးကို ထိုသို့ဆိုသည်။
“အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတွေကို အရှိန်အဟုန်မြှင့်တင်ဖို့၊ မြဝတီမြို့နယ်အတွင်း ရှုပ်ထွေးသော ဖြစ်ရပ်တွေ တစ်ဖန်ပြန်လည် မပေါ်ပေါက်လာစေဖို့ တားဆီးကြရမယ်” ဟု Mr. Wang Yi က တွေ့ဆုံရာတွင် ရွေးတုအစိုးရခန့် ဝန်ကြီးကို ပြောကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို အာမခံချက်ပေးနိုင်ရန်အတွက် ရွေးတုအစိုးရဘက်မှ ထိရောက်သော အစီအမံများအား ကျင့်သုံးဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက အလေးအနက်ဆိုသည်။
ယင်းအပေါ် ရွေးတုအစိုးရခန့်အပ် ဝန်ကြီး ဦးအောင်ကျော်ဟိုးက ၎င်းတို့အနေဖြင့် တရုတ်နှင့် ဒေသတွင်းနိုင်ငံများအပါအဝင် အွန်လိုင်းလိမ်လည်မှုများကို အရှိန်အဟုန်မြှင့် တိုက်ဖျက်သွားမည်ဖြစ်ပြီး တရုတ်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံမှုအပြင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြရန် ကြိုဆိုကြောင်း ပြောသည်။
ထို့အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး ငါး ရပ်ကို ကိုင်စွဲလျက်ရှိပြီး တရုတ်တစ်နိုင်ငံတည်း မူဝါဒအား အစဉ်တစိုက် စွဲကိုင်သွားမည်ဖြစ်ကာ နှစ်နိုင်ငံ စီးပွားရေးစင်္ကြံစီမံကိန်း အကောင်အထည်ဖော်ရာ၌ အရှိန်အဟုန်မြှင့်တင်ရန်နှင့် အကျိုးတူ ပူးပေါင်းမှု အဆင့်အတန်းကို စဉ်ဆက်မပြတ် မြှင့်တင်သွားလိုကြောင်း ဆိုသည်။
ဓာတ်ပုံ – တရုတ်သံရုံး