‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၃ရက်
‎
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ဝါဘိုကျေးရွာနှင့် ခမောင်းတောကျေးရွာတို့တွင် ရွေးတုအစိုးရ စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး AA ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

AA ထိန်းချုပ်စိုးမိုးထားသည့် စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာအနီးတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်ပြီး လက်နက်ကြီးသံများလည်း အဆက်မပြတ် ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

“ဝါဘိုဘက်က AA စိုးမိုးထားတာပါ။ ဒါပေမဲ့ ဒီရက်ပိုင်း ရွေးတုအစိုးရ စစ်တပ်ဘက်က ဝါဘိုဘက်မှာ ဘန်ကာတွေ ဆောက်ဖို့ ကြိုးပမ်းလာတာကြောင့် တိုက်ပွဲတွေ ဖြစ်လာတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဝါဘိုကျေးရွာသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့က AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အနီးတွင် တည်ရှိသော ကျေးရွာတစ်ရွာဖြစ်သည်။

အလားတူ ရွှေမင်းဂံ ရေတပ်စခန်းနှင့် ၂ မိုင်ခန့်သာ ကွာဝေးသည့် ခမောင်းတောကျေးရွာတွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း သိရသည်။

လက်ရှိတွင် စစ်တပ်သည် စစ်တွေ ခံစစ်တပ်စခန်းများမှတစ်ဆင့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ ထိုးစစ်ပြန်ဆင်ရန်အတွက် အမြင့်ကျွန်းနှင့် ငတောက်တက် ကျေးရွာများဘက်တွင် စစ်အင်အားများ ဖြည့်တင်းလျက်ရှိသည်။

တစ်ဖက်တွင်လည်း AA ၏ ထိုးစစ်မှာ ဒကစ အနီးပတ်ဝန်းကျင်မှ ဆုတ်ခွာသွားခြင်း မရှိသေးဘဲ ရွှေမင်းဂံ ရေတပ်စခန်းအနီးထိ စစ်ရေးအရ ပိတ်ဆို့ ခြိမ်းခြောက် တိုက်ခိုက်နေသည့် အနေအထားတွင် ရှိနေသည်။

ရွေးတုအစိုးရ စစ်တပ်သည် ယခုကဲ့သို့ စစ်ရေးအရ အထိနာပြီး ဖိအားပေးခံရမှုများကြောင့် လေကြောင်းမှ ခုခံတိုက်ခိုက်သည်ဟု အကြောင်းပြကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် လေးခုကို ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သား အများအပြား သေဆုံးခဲ့သည်။

ဓာတ်ပုံ-AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)