ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်

 

ရွေးတုအစိုးရ စစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် စစ်တပ်အနေဖြင့် ရှမ်းမြောက် နယ်စပ်ဂိတ်များ၌ စီမံခန့်ခွဲခွင့် လုံးဝ မရတော့သည့်အပြင် ကိုးကန့်နယ်မြေအတွင်း တပ်အင်အား အနည်းငယ်မျှသာ ချထားခွင့် ရတော့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

တရုတ်-မြန်မာ နယ်စပ်ဂိတ် ငါး ခုအနက် လေး ခုအထိ ရွေးတုအစိုးရ စစ်တပ်ဘက်မှ လက်လွှတ် လိုက်ရပြီးနောက် လက်ရှိတွင် နယ်စပ်ဂိတ် လုပ်ပိုင်ခွင့်များ ဆုံးရှုံးသွားသည့်အတွက် မြန်မာနိုင်ငံ အတွင်းသို့ ကုန်သွယ်ခွင့် ပေးလိုက်ရသည့် အခြေအနေသို့ ရောက်ရှိနေသည်။

 

“အရင်လို ဂိတ်တွေမှာ စစ်တပ်က အခွန်ကောက်တာတို့၊ ကုန်ပစ္စည်း စိစစ်တာတို့ လုံးဝလုပ်လို့ မရတော့ဘူး။ နယ်စပ်ဂိတ် စီမံခွင့်တွေအကုန် MNDAA လက်ထဲ ရောက်သွားတဲ့အတွက် စစ်တပ်က ဘာမှ ဝင်ပါခွင့်မရတော့ဘဲ ဒီအတိုင်း ကြည့်နေရတဲ့ အနေအထား ရောက်သွားတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ရွေးတုအစိုးရ စစ်တပ်အနေဖြင့် ရှမ်းမြောက်ဒေသ၌ တပ်အင်အား အနည်းငယ်မျှသာ ချထားခွင့်ရှိ၍ စစ်ရေးအရ အလျော့ပေးထားရသည့် ပုံစံဖြစ်နေပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာပါက စစ်တပ်ဘက်မှ ပိုမို အထိနာနိုင်သည့် အနေအထားတွင် ရှိနေကြောင်း စစ်ရေးလေ့လာသူ များက သုံးသပ်သည်။

 

“နယ်မြေထဲမှာ စစ်တပ်အင်အားကို နည်းနည်းပဲ ချထားခွင့်ပြုထားတာဆိုတော့ စစ်ရေးအရ ကြည့်ရင် စစ်တပ်က အတော်လေး အသာစီး မရတော့တဲ့ အနေအထားပါ။ အကယ်၍ တိုက်ပွဲတွေ ပြန်ဖြစ်လာရင် စစ်တပ်ဘက်က ပိုပြီး အထိနာနိုင်တယ်” ဟု စစ်ရေးလေ့လာသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို သုံးသပ် ပြောဆိုသည်။

 

MNDAA သည် မကြာသေးမီက ကျရောက်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၎င်းတို့ ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့အတွင်းရှိ ယခင် ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု) လုပ်ငန်းများ လုပ်ကိုင်ခဲ့ရာ ဝမ်ဖုဟိုတယ် အဆောက်အအုံကို သိမ်းဆည်းကာ ဒေသတွင်း ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် “အဆင့်မြင့် သူနာပြုတက္ကသိုလ်” အဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။

 

ရွေးတုအစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ (NSPNC) သည်

 

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်က MNDAA နှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံရေးပါတီထောင်၍ ရွေးကောက် ပွဲဝင်ရန် တိုက်တွန်းခဲ့သည်။ MNDAA ဘက်ကမူ နယ်စပ်ဂိတ်များ ပြန်ဖွင့်ရေးနှင့် ကျားဖြန့် တိုက်ဖျက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။