ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားဒေသတွင် လာမည့် ၂၀၂၇ ခုနှစ်၌ ကြားဖြတ် ရွေးကောက်ပွဲအတုကျင်းပနိုင်ရေးအတွက် ယင်းဒေသရှိ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA)နှင့် သွားရောက် တွေ့ဆုံကာ ရွေးတုအစိုးရဘက်မှ မက်လုံးပေး စည်းရုံး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးသစ် ဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော အဖွဲ့သည် နိုဝင်ဘာ ၁ ရက် နေ့က မိုင်းလားသို့ သွားရောက်၍ NDAA နှင့် တွေ့ဆုံစဉ် ထိုသို့ မက်လုံးပေး ပြောဆိုခဲ့ခြင်းဖြစ်သည်။
“အထူးဒေသ (၄) ရဲ့ နိုင်ငံရေး လိုလားချက်အပေါ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂၀၂၇ ခုနှစ်မှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လိုအပ်တဲ့ ဆောင်ရွက်ရမယ့် ကိစ္စတွေကို ညှိနှိုင်းသွားမှာဖြစ်တယ်” ဟု ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုခဲ့သည်။
ထို့ပြင် နှစ်ဖက် ယုံကြည်မှု ပိုမို တိုးမြှင့် ခိုင်မာစေရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက် ပေါင်းစပ် ဆောင်ရွက်ပေးမည်ဟု စည်းရုံး ပြောဆိုခဲ့ကြောင်း ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရွေးတုအစိုးရစစ်တပ် နှင့် NDAA အုပ်ချုပ်သည့် မိုင်းလားတွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း စစ်တပ်သည် တော်လှန်ရေးအရှိန်အဟုန်ကိုကြိုတင် ကာကွယ်သည့်အနေဖြင့် စစ်အုပ်ချုပ်ရေး ကြေညာ ထားသည့် မြို့နယ်များစာရင်းတွင် မိုင်းလားကို ထည့်သွင်းထားပြီး တပ်ပြင်တပ်စု လုပ်ဆောင်ထားသောကြောင့် နှစ်ဖက် ဆက်ဆံရေးမှာ ပြေလည်မှု မရှိကြောင်း နီးစပ်သူများထံမှ သိရသည်။
အလားတူ ပြီးခဲ့သည့် တွေ့ဆုံမှုများတွင်လည်း စစ်အုပ်ချုပ်ရေး ကြေညာထားမှုကို ပြန် လည် ပယ်ဖျက်ပေးရန်နှင့် အထူးဒေသ (၄) အား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးအပ်ရန် NDAA ဘက်က တောင်းဆိုထားသော် လည်း ရွေးတုအစိုးရ ဘက်ကမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းမှသာ ပြန်လည် မက်လုံးပေး နှစ် သိမ့်ခဲ့သည်။
ယခု ဒုဗိုလ်ချုပ်ကြီး ရာပြည့်၏ ခရီးစဉ်သည် ကာကွယ်ရေးဝန်ကြီးသစ် ဖြစ်လာပြီးနောက် ပထမဆုံးအကြိမ် ခရီးစဉ် ဖြစ်သော်လည်း NSPNC ဥက္ကဋ္ဌ အနေဖြင့်မူ မိုင်းလားနှင့် သုံးကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ကာ ဆွေးနွေးမှု နောက်ဆက်တွဲ ရလဒ်များနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ရွေးတုအစိုးရသည် အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်းမရှိသည့် ဒေသများကို စစ်ရေး တိုးမြှင့်၍ စစ်အုပ်ချုပ်ရေး ကြေညာထားရာ ရှမ်းပြည်နယ်ရှိ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်နှင့် မိုင်းလား အပါအဝင် စုစုပေါင်း မြို့နယ် ၅၅ မြို့နယ် ကျန်ရှိနေသေးသည်။
ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် အပိုင်း (၁)၊ (၂)၊ (၃) ဟူ၍ မြို့နယ် ၂၆၃ မြို့နယ်၌ အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်သည်ဟု ဆိုထားသော်လည်း ကြားဖြတ် ရွေးတုအတွက်မူ ကျန်ရှိမြို့နယ်များအပြင် ၁၀၂ မြို့နယ်အထိ တိုးမြှင့် လျာထားကြောင်း သိရသည်။
ဓာတ်ပုံ – MOI