ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ နိုဝင်ဘာလ ၁၈ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ မြစ်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူးကြီးမြင့်မှာ ယမန်နေ့နိုဝင်ဘာလ ၁၇ ရက် ညနေ ၄ နာရီတွင် သေနတ်ကျည်ထိဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ နိုဝင်ဘာလ ၁၄ ရက်နေ့က ဆီးခုံ၊ ပေါင်နှင့် ခြေသလုံးများတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
” ၁၄ ရက်နေ့ကပစ်သတ်ခံရတဲ့ အုပ်ကြီး ၂ ယောက်ကရွာချင်းကပ်ရပ်တွေ။ ကြီးမြင့်ကခုမှသေတာ။ ဖမ်းခံရတဲ့သူတွေကတကယ်အပြစ်မဲ့ပြည်သူတွေပဲ၊ ဘာမှလဲမဆိုင်ဘူး။ ဆိုင်ကယ်ကယ်ရီသမားတစ်ယောက်ရယ်၊ သုံးဆယ်မြို့ထဲက မဆိုင်တဲ့မြို့ခံ ၃ယောက်ရယ်၊ သေသွားတဲ့အုပ်ချုပ်ရေးမှူးဖုန်းထဲမှာအဆက်အသွယ်ရှိတဲ့ ရွာထဲကစာရေးဟောင်း ၄ ယောက်ရယ်ကိုဖမ်းထားတာ” ဟု သာယာဝတီမြို့ခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသူ ၈ ဦးစလုံးမှာ သုံးဆယ်မြို့ဒေသခံများဖြစ်ကြပြီး အုပ်ချုပ်ရေးမှူး ၂ ဦးပစ်သတ်ခံရခြင်းနှင့်သက်ဆိုင်ခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့က အိုက်ကဒုံးကျေးရွာအုပ်ချုပ်ရေးမှူးမင်းနိုင်နှင့် မြစ်ကျိုးရွာအုပ်ချုပ်ရေးမှူးကြီးမြင့်တို့အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီဂဋ္ဌုန်တပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။