ဧရာဝတီတိုင်းမ်
(တာမိုးညဲ)၊ နိုဝင်ဘာ ၁၈ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက် အစောပိုင်းက မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

MNDAAတပ်ဖွဲ့မှ တာမိုးညဲတွင်ရှိသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်စခန်းတို့အား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု တာမိုးညဲ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တာမိုးညဲဒေသခံ အမျိုးသားက“ကိုးကန့်(MNDAA) တွေက လာပစ်တာ၊ ပြည်သူ့စစ်စခန်းထဲကိုလည်း ပစ်ထည့်တယ်၊ ပြီးတော့ စစ်တပ်ထဲကိုလည်း ပစ်ထည့်တယ်၊ စစ်တပ်ထဲမှာ အပြန်အလှန် ပစ်ခတ်နေသံတွေ ၁ နာရီလောက် ကြားရတယ်၊ ပြင်းပြင်းထန်ထန်ဖြစ်တော့ လက်နက်ကြီးပစ်ကူသံတွေကိုပါ ကြားရတယ်၊ ထိခိုက်သေဆုံးတာတွေတော့ မသိသေးဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သတ်၍ နှစ်ဖက် လက်နက်ကိုင်တပ်များ တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်းမရှိသလို နှစ်ဖက်တပ်များ ထိခိုက်သေဆုံးမှု အသေးစိပ် အချက်အလက်များလည်း မသိရသေးပါဘူး။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် တာမိုးညဲ မြို့ပေါ်ရပ်ကွက်အတွင်း ဒေသခံများ၏ နေအိမ် ၂ အိမ်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ နေအိမ် ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

“မြို့ထဲက အိမ်နှစ်အိမ် ခြံဝင်းအတွင်းမှာ လက်နက်ကြီးကျည် ကျပြီး ပေါက်ကွဲတာရှိတယ်၊ အိမ် ခေါင်မိုး ပွင့်ထွက်သွားတဲ့ အနေအထားထိဖြစ်တယ်၊ အိမ်ရှင်ရဲ့ ကားလည်းထိတယ်၊ ပြီးတော့ ဝက်ခြံလည်းထိတော့ ဝက်တွေပါ ထိသွားတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တာမိုးညဲတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေပြီး လက်နက်ကြီးများ ‌လူနေအိမ်အတွင်း ကျရောက်ပေါက်ကွဲကာ ထိခိုက်မှုများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ ညတွင်လည်း ကွတ်ခိုင်မြို့ရှိ ကချင် နှစ်ခြင်းခရစ်ယာန် ဓမ္မတက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ကျောင်းသား ၄ ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များအပြင် MNDAA၊ TNLA၊ KIA၊ PDFတို့ အဓိက သွားလာလှုပ်ရှားသည့် နယ်မြေဖြစ်ပြီး စစ်ကောင်စီတပ်နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

နိုဝင်ဘာလ ၁၆ရက်နေ့ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAAတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ နီးပါးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#တာမိုးညဲ #MNDAA #တိုက်ပွဲ
#Ayeyarwaddy_Times