ဧရာဝတီတိုင်းမ်
(ဆော)၊ နိုဝင်ဘာ ၁၇ ရက်
မကွေးတိုင်း၊ ဆောမြို့နယ်၊ မြောက်မကျင်းရွာတွင် YDF၊ ဆော – PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးဘက်က ၃ ဦးဒဏ်ရာရရှိကာ စစ်ကောင်စီဘက်က ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးရဲဘော်၏ ပြောကြားချက်အရသိရသည်။
ပဆုတ်ကျေးရွာ၏ မြောက်ဘက်ရှိ မြောက်မကျင်းရွာတွင် ရောက်ရှိနေကြသော စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်းဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ပဆုတ်ရွာရဲ့ မြောက်ဘက် ၁ မိုင်အကွာမှာရှိတဲ့ မြောက်မကျင်းရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်ဗျ။ ကျွန်တော်တို့ဘက်က ရဲဘော် ၃ ဦးဒဏ်ရာရှိခဲ့ပါတယ်။ ဒဏ်ရာရရဲဘော် ၃ ဦးထဲမှာ ၂ ဦးကတော့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်ဗျ။ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်ပါတယ်” ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆောမြို့နယ်၊ လက်ပန်းကျေးရွာနှင့် ပဆုတ်ကျေးရွာကို မီးရှို့ခဲ့သော စစ်ကောင်စီတပ်များကို YDF၊ ဆော-PDFက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဘက်မှ ရဲဘော် ၃ ဦးဒဏ်ရာရှိကာ ၂ ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းဒေသကာကွယ်ရေးရဲဘော်က ပြောဆိုသည်။
ဆောမြို့နယ်တွင် စစ်ကြောင်းထိုးပြီး လက်ပန်းကျေးရွာနှင့် ပဆုတ်ကျေးရွာတို့ကို မီးရှို့ခဲ့သော စစ်ကောင်စီတပ်များဟာ တပ်မ ၁၁ ၊တပ်မ ၅၅ ၊တပ်မ ၁၀၁ တို့ဖြစ်ပြီး အင်အား ၉၀ ကျော်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ဆောမြို့နယ်၊ လက်ပန်းရွာနှင့် ပဆုတ်ကျေးရွာတို့မှ လူနေအိမ် ၂၈၀ ကျော်ကို မီးရှို့ခဲ့ပြီး ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများမီးထဲတွင် ပါသွားကြောင်းဒေသခံများ၏ ပြောဆိုသည်။
#လက်ပန်း #ပဆုတ် #မီးရှို့ #စစ်ကောင်စီ #တိုက်ပွဲ #သေဆုံး
#Ayeyarwaddy_Times