ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့က အမျိုးသားနေ့အထိမ်းမှတ်အနေနဲ့ စစ်ကောင်စီက အကျဥ်းသားတွေကိုပြန်လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဥ်းသား ၄၇ ဦးသာပါ၀င်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
လွှတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားအများစုဟာ စစ်ကောင်စီက ၅၀၅(က)၊၅၀၅(ခ) စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ထားရသူတွေဖြစ်ပြီး ထောင်ကလွတ်ဖို့ လပိုင်းသာလိုတော့တဲ့သူတွေ အများဆုံး ပါ၀င်လာတယ်လို့ သိရပါတယ်။
“၅၀၅နဲ့ အမိန့်ချပြီးသားသူတွေ လွှတ်တဲ့အထဲမှာပါတယ်။ အမျိုးသား၄၄ဦး
အမျိုးသမီး၃ဦး စုစုပေါင်း ၄၇ ဦးပါ။ လွတ်က်နီးတဲ့သူတွေပဲ ပြန်လွတ်တာပါ”လို့ ပုသိမ်အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ အကျဥ်းသားတွေကို ညနေ ၆နာရီမှ စတင်လွှတ်ပေးတာဖြစ်ပြီး လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသား ၄၇ဦး အပါအ၀င် အခြားအမှုနဲ့ ထောင်ကျနေတဲ့ အကျဥ်းသားတွေနဲ့ရဲဘက်စခန်းတွေက အကျဥ်းသားတွေ စုစုပေါင်း ၁၄၈ ဦး ပါ၀င်တယ်လို့အကျဥ်းဦးစီးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
“တစ်ချို့ဆိုစဖမ်းတုန်းက ၂၀၂၁ ဇန်နဝါရီ လထဲကခုနောက်၂လဆိုပဲ ထောင်ဒဏ်၂နှစ်ကပြည့်နေပြီ လွှတ်ပေးတာအဲ့လိုလူရွှေးပြီးလွှတ်ပေးတာ စစ်ကောင်စိီနိုင်ငံတကာကိုနိုင်ကျဥ်းတွေလွှတ်ပေးတာကိုပြခြင်တာထင်တယ်တကယ်လွှတ်သင့်တဲ့လူတွေမပါဘူး”လို့ ပုသိမ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၃၀၀ ကျော် နဲ့ အမျိုးသမီး ၇၀ ကျော်ရှိနေပြီး နိုင်ငံရေးအကျဥ်းသားများအနက် ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်ခြင်းကိုခံရတဲ့နိုင်ငံရေးအကျဥ်းသား ၁၀၀ကျော်အထိရှိပြီလို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူများထံက သိရပါတယ်။
#ပုသိမ် #အကျဥ်းထောင် #နိုင်ငံရေးအကျဥ်းသား #လွတ်ငြိမ်းခွင့်ပြု
#Ayeyarwaddy_Times