ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် (၁၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် လူမိုက်များ ပူးပေါင်း၍ ညနေ မိုးချုပ်ချိန်များတွင် လူမှုကူညီရေး ယာဉ်များနှင့် တက္ကစီ (Taxi) များကို အသုံးပြုကာ လူငယ်များကို လိုက်လံ ဖမ်းဆီး ပေါ်တာဆွဲမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့ လုပ်ဆောင်နေသူများမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ ရာအိမ်မှူး ဝက်ကြီး (ခ) မျိုးမင်းထွန်းနှင့် ရပ်ကွက်လူမိုက်များဖြစ်ပြီး လှိုင်မြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်၊ အမှတ် (၈) သစ်စက်ဝင်း၊ ကမ်းနားအိမ်ရာတွင် နေထိုင်သူများ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“တိုင်ရင်လည်း တိုင်တဲ့သူကို ပြန်ဖမ်းမယ်၊ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ခံနေရတာ။ ရွေးတုအစိုးရ စစ်တပ်နဲ့ ရဲကိုလည်း သူတို့က ငွေပေးထားတော့ ပြည်သူတွေ သွားတိုင်လည်း အရေးမယူဘူး။ ထွေအုပ် မြင့်စိုးရဲ့ အကွယ်အကာနဲ့ ရပ်ကွက်ထဲမှာ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုနဲ့ ငွေကြေး တရားမဝင် ကောက်ခံတာတွေကို အဓမ္မ ပြုလုပ်နေကြတာပါ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ရပ်ကွက်နေ ပြည်သူများကိုလည်း အုပ်ချုပ်ရေးမှူးရုံးနှင့် အိမ်များသို့ ခေါ်ယူကာ စစ်မှုမထမ်းချင်ပါက ငွေကျပ် သိန်း ၃၀ ပေးရမည်ဟု ခြိမ်းခြောက် တောင်းယူနေပြီး ငွေမပေးနိုင်ပါက စစ်မှုထမ်းရန် စာရင်းသွင်း၍ ရောင်းစားမည်ဟု ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။
၎င်းတို့သည် စစ်မှုထမ်းကြေးအပြင် ဧည့်စာရင်းကြေး၊ ဆီစာအုပ်ကြေးနှင့် ရပ်ကွက်ထောက်ခံစာ ထုတ်ပေးခအဖြစ် အနည်းဆုံး ငွေကျပ် ၅,၀၀၀ အထိ တောင်းယူနေပြီး ငွေမပေးပါက ထောက်ခံစာ ပြုလုပ်ပေးခြင်း မရှိကြောင်းလည်း ဒေသခံများက ဆိုသည်။
မြို့နယ်အာဏာပိုင်များက ငွေကြေး ကောက်ခံသည့်ကိစ္စအား လာရောက် စစ်ဆေးချိန်တွင်လည်း အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူက ရပ်ကွက်နေ ပြည်သူများကို ခြိမ်းခြောက်၍ “လိုအပ်သည့်နေရာတွင် အသုံးပြုရန် ပြည်သူများက လှူဒါန်းခြင်းဖြစ်သည်” ဟု လိမ်လည် ထွက်ဆိုခိုင်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းအပါအဝင် အခြားမြို့နယ်များ၌လည်း အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမိုက်များ ပူးပေါင်းကာ ညအချိန်များ၌ လူမှုကူညီရေးယာဉ်၊ တက္ကစီများဖြင့် ပေါ်တာလိုက်ဆွဲ၍ စစ်မှုထမ်းရန် ရောင်းစားသည့် ဖြစ်စဉ်များ ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိကြောင်း ဧရာဝတီတိုင်းမ်အနေဖြင့် စုံစမ်း သိရသည်။
ပုံစာ- အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ရာအိမ်မှူး ဝက်ကြီး ခေါ် မျိုးမင်းထွန်း