ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန်အနီးတိုက်ပွဲကို လေကြောင်းပစ်ကူလာသည့် စစ်တပ်၏ ပါရာမော်တာ တစ်စီးအား အာရက္ခတပ်တော် AAက ပစ်ချလိုက်သည်ဟု သိရသည်။
ယနေ့ အောက်တိုဘာ ၃၀ရက် နံနက်ပိုင်းတွင် ဆုံကုန်း အမြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် မစခ ၉၀၅ မှတက်လာပြီး နတ်ရေကန်လမ်းကြောင်းဘက်တက်သည့် နေရာတဝိုက်ကို ဗုံးပတ်ကြဲနေသည့် ပါရာမော်တာကို AAက ပစ်ချခဲ့ခြင်းဖြစ်သည်။
”ပါရာမော်တာကိုပစ်ချလိုက်တာ မောင်းသူတစ်ဦးပါပြုတ်ကျသွားတယ်လို့ သတင်းတွေကြားနေပါတယ်။ လေကြောင်းက ဗုဒ္ဓဟူး ညပိုင်းကတည်းက အပြင်းအထန် တိုက်ခိုက်နေတာ” ဟု မကွေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၈ရက်နေ့က ပဇီနှင့် ဂုတ်ကြီးအကြား တောင်ကုန်းများမှနေ၍ နတ်ရေကန်ဘက်တက်လာသည့် စစ်တပ်၏ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို AAက တိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိကြောင်း သိရသည်။
ထို့ကြောင့် အောက်တိုဘာ ၂၈ရက် ည ကိုးနာရီမှစ၍ မကွေးလေတပ်မှ တိုက်လေယာဉ်များ နတ်ရေကန်ဘက်တက်ကာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ယနေ့နံနက်ပိုင်းတွင်လည်း ဒရုန်း၊ ပါရာမော်တာများဖြင့်တိုက်ခိုက်စဉ် ပစ်ချခံရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်တွေနှင့်ငပြီကျွန်းကြား ကုလားတန်မြစ်ဝတွင် တပ်စွဲထားသည့် စစ်တပ်၏ စစ်သင်္ဘော သုံးစီးကို AAက ပစ်ခတ်ဖျက်ဆီးထားနိုင်ခဲ့သည်။
ယခု ပါရာမော်တာ ပစ်ချလိုက်သည့် သတင်းနှင့်ပတ်သက်၍ AAပြောခွင့်ရ ဦးခိုင်သုခထံဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။