ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၆/၂၀၂၄) မှ စုဆောင်းခံရသူများ စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ပြီးစီးကြောင်း သက်သေခံလက်မှတ် ပုံစံ (၁၂) နှင့် ဂုဏ်ပြုတံဆိပ် ပေးအပ်ပွဲ ကျင်းပခဲ့သော်လည်း အဆိုပါ အခမ်းအနားတွင် အခြား အမှတ်စဉ်မှ သင်တန်းဆင်းများကို လူစားထိုး၍ ဟန်ပြပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ဖြစ်သည့် ပုသိမ်သတင်းအထူးတပ်ဖွဲ့ထံမှ သိရသည်။

 

ရွေးတုအစိုးရ စစ်တပ်သည် စစ်မှုထမ်း အမှတ်စဉ် (၆) မှ စုဆောင်းခံရသူများ သတ်မှတ် စစ်မှုထမ်းကာလ ပြည့်မြောက်၍ ပုံစံ (၁၂) သက်သေခံလက်မှတ်ဖြင့် နေအိမ်သို့ ပြန်ခွင့်ရရှိနေပြီဟု ပြည်သူများ ထင်မြင်လာစေရန် ဝါဒဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

 

သို့သော် အဆိုပါ အခမ်းအနားတွင် စစ်မြေပြင်သင်တန်းကျောင်း (စခတ – ၆) နှင့် တပ်မတော်တန်းမြင့်သင်တန်းကျောင်း (တတက – ၅) တို့မှ အမှတ်စဉ် (၂၇) သင်တန်းဆင်းများကို လူစားထိုး တက်ရောက်စေခဲ့ခြင်းဖြစ်သည်။

ရွေးတုအစိုးရ စစ်တပ်သည် အပတ်စဉ် (၆) စစ်သည်များ သတ်မှတ် စစ်မှုထမ်းကာလ ပြည့်မြောက်၍ ပုံစံ (၁၂) သက်သေခံလက်မှတ်ဖြင့် နေအိမ်သို့ ပြန်ခွင့်ရရှိနေပြီဟု ပြည်သူများ ထင်မြင်လာစေရန် ဝါဒဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

 

သို့သော် အဆိုပါ အခမ်းအနား၌ စစ်မြေပြင်သင်တန်းကျောင်း (စခတ – ၆) နှင့် တပ်မတော်တန်းမြှင့်သင်တန်းကျောင်း (တတက – ၅) တို့မှ အပတ်စဉ် (၂၇) သင်တန်းဆင်းများကို လူစားထိုး တက်ရောက်စေခဲ့ခြင်းဖြစ်သည်။

 

“စစ်တပ်က ပြည်သူကို ဘယ်သောအခါမှ အမှန်တရားကို ချပြလေ့မရှိဘဲ အမြဲတမ်း သတင်းအမှားတွေနဲ့ လိမ်လည်နေတာဖြစ်ပါတယ်။ အမှတ်စဉ် (၆) ကလူတွေကို အိမ်ပြန်ခိုင်းတဲ့ပုံစံမျိုး အခြား အမှတ်စဉ်က လူတွေနဲ့ အစားထိုးသရုပ်ပြတာ။ တကယ်က ရှေ့တန်းမှာတင် သေပြီလားမသိဘူး” ဟု စစ်မှုထမ်း အမှတ်စဉ် (၆) အတွက် ဖမ်းဆီးစုဆောင်းခံရသူတစ်ဦး၏ မိသားစုဝင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ အမှတ်စဉ်တစ်ခုလျှင် သင်တန်းသား ၉၀၀ နီးပါးကို အဓမ္မ စုဆောင်းပေးခဲ့ရသော်လည်း လက်ရှိတွင် ဆယ်ဂဏန်းခန့်သာ ပြန်လည်ရောက်ရှိသေးကြောင်း သိရသည်။

 

ထိုသို့ ပြန်ရောက်သူများမှာလည်း ထောက်ပို့နှင့် ဆက်သွယ်ရေးတပ်ဖွဲ့ဝင် အများစုဖြစ်ပြီး ခြေလျင်/ခြေမြန်တပ်များသို့ ရောက်ရှိသွားသူများမှာ မိခင်တပ်ရင်းများက ပြန်လည်ခေါ်ဆောင်ခြင်း မရှိသဖြင့် နေအိမ်သို့ လုံးဝ ပြန်လည်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 

လက်တွေ့မြေပြင်တွင် စစ်မှုထမ်း အမှတ်စဉ် (၆) မှ စုဆောင်းခံရသူ အများပြားမှာ ရခိုင်၊ ဧရာဝတီ၊ တနင်္သာရီနှင့် ကရင်ပြည်နယ်တို့ရှိ ရှေ့တန်းစစ်မျက်နှာပြင်များသို့ ပို့ဆောင်ခံထားရပြီး သေဆုံးသူ၊ အဆက်အသွယ်ပြတ်တောက်သူနှင့် ထွက်ပြေးလွတ်မြောက်သူ များပြားနေကာ ကျန်ရှိသူ အနည်းငယ်ကိုသာ ပြန်လည်ခေါ်ဆောင်နိုင်ကြောင်း သိရသည်။

 

လက်ရှိအချိန်အထိ စစ်မှုထမ်း အမှတ်စဉ် (၆) မှ စုဆောင်းခံရသူများ၏ မိသားစုဝင်များမှာ ၎င်းတို့၏ သားသမီးများ အိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိသေးဘဲ ရှေ့တန်းတွင် အဆက်အသွယ်ပြတ်တောက်နေသည့်အတွက် စိုးရိမ်ပူပန်လျက်ရှိသည်။