ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ ရွာမကွေ့ မီးပွိုင့်လမ်းဆုံတွင် ယနေ့ နံနက်ပိုင်းက ရေခဲတင်ကားတစ်စီး မတော်တဆဖြစ်ပြီး လမ်းဆုံအနီးရှိ ရွေးတုအစိုးရစစ်တပ် ဘန်ကာကို ဝင်ရောက်တိုက်မိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေခဲတင်ကားတစ်စီးသည် ယနေ့ အောက်တိုဘာ ၃၀ ရက် နံနက် ၇ နာရီဝန်းကျင်က ယာဉ်ထိန်းသိမ်းမှု ချွတ်ယွင်း၍ မတော်တဆဖြစ်ကာ ရွေးတုအစိုးရစစ်တပ် ဘန်ကာအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်အတွင်း လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် အခင်းဖြစ်ပွားရာ ရုပ်သံမှတ်တမ်းများအရ အဆိုပါ ရေခဲတင်ကားမှာ စစ် တပ်ဘန်ကာကို မတိုက်မိမီ အငှားယာဉ် (တက္ကစီ) တစ်စီးနှင့်လည်း တိုက်မိထားသည့် အနေအထားကို တွေ့ရသည်။

လှိုင်မြို့နယ်၊ ရွာမကွေ့ မီးပွိုင့်လမ်းဆုံသည် ယာဉ်အသွားအလာ များပြားသည့် အဓိက လမ်းဆုံတစ်ခု ဖြစ်သည့်အတွက် ယခု ယာဉ်တိုက်မှုကြောင့် အနီးပတ်ဝန်းကျင်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ခေတ္တဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဘန်ကာအား ရေခဲတင်ကား ဝင်ရောက်တိုက်မိမှုကြောင့် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။