ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
အာဆီယံအသိုက်အဝန်းတွင်ငါးနှစ်ကျော်ကြာနေရာမရဖြစ်နေသောရွေးတုအစိုးရသည် အာဆီယံထိပ်သီးအစည်းအဝေးများပြန်လည်တက်ရောက်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများထံ လှည့်လည်စည်းရုံးရေးဆင်းနေကြောင်းသတင်းရရှိသည်။
လာမည့်နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပရန်ရှိနေသော အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများသော ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း နှင့် စင်ကာပူနိုင်ငံများရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို ရွေးတုအစိုးရ၏ အာဆီယံသံအမတ်ကြီးများက လိုက်လံတွေ့ဆုံပြောကြားနေကြောင်းသိရသည်။

ယမန်နေ့က ရွေးတုအစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇာရိုတို့တွေ့ဆုံရာတွင် အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ထိန်းသိမ်းနိုင်မည့် နည်းလမ်းများ၊ လာမည့် ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်တွင် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝေလင်းသည် ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Tran Duc Binh ကိုတွေ့ဆုံပြီး အာဆီယံဘုံသဘောတူညီချက် ငါးချက်အပါအဝင် အာဆီယံမူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များပြောကြားကြောင်းသိရသည်။
ထို့ပြင် အောက်တိုဘာ ၂၁ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. Chatvadee Chindawongse တို့တွေ့ဆုံရာ၌ ထိုင်းနိုင်ငံက အာဆီယံရေးရာကိစ္စရပ်များအတွက် အရေးကြီးသော အခန်းတွင်ပါဝင်ကြောင်းဆိုသည်။

ယင်းပြင် မေ ၁၅ ရက်တွင် မြန်မာသံရုံး၊ စင်ကာပူမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဒေါက်တာဇော်မင်းအောင် နှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာန၊ ညွှန်ကြားရေးမှူးချုပ် Ms. ZHOU Suli တို့တွေ့ဆုံရာတွင်လည်း အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်သွားရေးဆွေးနွေးကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ရွေးတုအစိုးရသည် အာဆီယံထိပ်သီးအစည်းအဝေးများပြန်လည်တက်ရောက်နိုင်ရေးအတွက် အာဆီယံရေးရာကော်မတီဖွဲ့စည်းထားသည်။
စစ်တပ်အာဏာသိမ်းလိုက်သော ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အာဆီယံဘုံသဘောတူညီချက်ငါး ချက်ချမှတ်ထားသော်လည်း မြန်မာနိုင်ငံကလိုက်နာခြင်းမရှိသဖြင့် အောက်တိုဘာလတွင် မြန်မာနိုင်ငံကိုယ်စားပြု အဆင့်မြင့်နိုင်ငံရေးကိုယ်စားလှယ်များကို အာဆီယံထိပ်သီးအစည်းဝေးများတက်ရောက်ခွင့်ပိတ်ပင်ထားခြင်းဖြစ်သည်။
ဓာတ်ပုံ – MOFA