ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
မလေးရှားနိုင်ငံတွင် တစ်ရက်လျှင် ရင်းဂစ် ၁ သိန်းခွဲ (မြန်မာကျပ်ငွေ သိန်း ၁,၀၀၀ ကျော်) အထိ လိမ်လည်နေသည့် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းကို မလေးရှား အာဏာပိုင်များက ဝင်ရောက် စီးနင်းခဲ့ရာ မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် နိုင်ငံခြားသား ၆၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) နှင့် မလေးရှား ဆက်သွယ်ရေးနှင့် မီဒီယာကော်မရှင် (MCMC) တို့ ပူးပေါင်း၍ ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အွန်လိုင်း ငွေကြေးလိမ်လည်မှုများကို နှိမ်နင်းသည့် အထူးစစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးအတွင်း ကွာလာလမ်ပူမြို့ရှိ အဆင့်မြင့် ကွန်ဒို လေး ခန်းနှင့် ဆာဒန်းမြို့ရှိ ဘန်ဂလို နှစ် ခုတို့ကို ဝင်ရောက် စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၄၄ ဦး၊ ဗီယက်နမ် နိုင်ငံသား ၁၉ ဦးနှင့် မြန်မာနိုင်ငံသား တစ် ဦး အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၆၄ ဦးကို ရာဇဝတ်မှုပြုလုပ်နေစဉ် လက်ဝယ်ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ကျားဖြန့်ဂိုဏ်းသည် လွန်ခဲ့သည့် ၂ လခန့်မှစ၍ အခြေစိုက် လုပ်ကိုင်နေခြင်းဖြစ်ပြီး ပြင်ပတွင် အမှန်တကယ် မရှိသည့် ဝန်ဆောင်မှု လုပ်ငန်းများကို ဒစ်ဂျစ်တယ် ပလက်ဖောင်းများမှတစ်ဆင့် ဆွဲဆောင်၍ လိမ်လည်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့သည် စုစုပေါင်း ရင်းဂစ် ၆ သန်းခန့်အထိ လိမ်လည်ထားနိုင်ခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

စခန်းတိုက်များအတွင်းမှ ကွန်ပျူတာ ၂၈ လုံး၊ ဖုန်း ၈၁ လုံးနှင့် အခြား ဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သလို၊ အလွဲသုံးစားပြုရန် စီစဉ်ထားသည့် ဂျပန်၊ ကိုရီးယားနှင့် အမေရိကန် နိုင်ငံကူးလက်မှတ် (Passport) သုံး အုပ်အပါအဝင် လေယာဉ်လက်မှတ်များကိုပါ တွေ့ရှိခဲ့ရသဖြင့် စာရွက်စာတမ်း အတုပြုလုပ်မှုများကိုပါ အာဏာပိုင်များက ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။
ဖမ်းဆီးခံရသူများအားလုံးကို ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအတိုင်း အရေးယူဆောင်ရွက်နေပြီး မလေးရှားနိုင်ငံကို နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ အခြေစိုက်ရာနေရာ မဖြစ်စေရန် ပြတ်ပြတ်သားသား ဆက်လက် နှိမ်နင်းသွားမည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ထုတ်ပြန်ထားသည်။
ကိုးကား – JIM