ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ကို ဝိုင်းပတ်ပိတ်ဆို့ပြီး AAက တိုက်ခိုက်လာချိန်တွင် စစ်တပ်က အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်လာပြီး ပုဏ္ဏားကျွန်းကို ထပ်မံထိုးစစ်ဆင်ရန် ကြိုးပမ်းလာကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၈ရက်နေ့တွင် စစ်တပ် တပ်စွဲထားသည့် အမြင့်ကျွန်းစခန်းမှနေ၍ ကွန်းတောင်ဘက်ကို ထိုးစစ်ဆင်ရန် ကြိုးပမ်းသည့်အတွက် AA နှင့်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”စစ်ကူတွေကို လတ်တလော ရေကြောင်းကနေပို့နေတာ တွေ့ရတယ်။ ရန်ကုန်တပ်ရင်းက ထုတ်နှုတ်အင်အားတွေများတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာရက္ခတပ်တော် AA ၏ စခန်းများကို ထိုးစစ်ဆင်ရန် ကြိုးပမ်းလာသော်လည်း စခန်းတစ်ခုကိုမျှ သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ စစ်တပ်ဘက်က အင်အားများကိုသာ ဆက်တိုက် ဖြည့်တင်းနေရသည်။ စစ်တပ်သည် ပါဒလိတ် တပ်ရင်းများနှင့် အဆိုပါတပ်ရင်းများ၏ ကာကင်းစခန်းများရှိရာ အမြင့်ကျွန်း၊ ကြွီတဲတို့အပြင် ရေချမ်းပြင် ဝန်းကျင်ရှိ ရှေ့တန်းစခန်းများသို့ အင်အားဖြည့်တင်းလျက်ရှိသည်။
စစ်တွေမြို့ထဲတွင်လည်း အင်အားပြသည့်အနေဖြင့် စစ်ကားများ ကင်းလှည့်နေပြီး မြို့အတွင်းကိုပါ စစ်ကူများပို့မည်ဟုသိရသည်။ ပါဒလိတ်၊ ရေချမ်းပြင်ဘက်တွင်လည်း တပ်ရင်းများအနီးထိ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခံနေရသည့်အတွက် စစ်အင်အားများ ဆက်လက်ပို့ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ ကို AAက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးများ အပါအဝင် အရာရှိ ခြောက်ဦးထက်မနည်းနှင့် အခြားအဆင့် စစ်သည်များစွာ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုပြီးနောက် အောက်တိုဘာ ၂၃ရက်နံနက်ပိုင်းတွင် စစ်တပ်က လက်စားချေလိုသည့် အနေဖြင့် အပြစ်မဲ့ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားက စစ်တွေမြို့အတွင်း ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ULA/AA ဘက်က ပြောဆိုထားသည်။
ဓာတ်ပုံ-AA က ကျောက်တော်တပ်နယ်သိမ်းပိုက်ခဲ့စဥ် (ပုံဟောင်း)