ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာပရဲညိုလာဇာရို မြန်မာနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်ရောက်ရှိလာရာတွင် လူသားချင်းစာနာထောက်ထားမှုအစီအစဉ်ဖြင့် သာ ခရီးစဉ်အဆုံးသတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရပဲ ပြန်ရမည်ဖြစ်သည်။
အဆိုပါခရီးစဉ်မတိုင်ခင်၌ မတရားဖမ်းဆီးအကျဉ်းကျခံထားရသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ခွင့်ပေးရန်အာဆီယံအသိုင်းအဝိုင်းက ဝိုင်းဝန်းတောင်းဆိုသော်လည်း ရွေးတုအစိုးရသမ္မတ မင်းအောင်လှိုင်က တွေ့ဆုံခွင့်မပေးပဲ လူသားစာနာခရီးစဉ်အဖြစ် ရှမ်းပြည်တောင်ကြီးမြို့သို့ သွားခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံသို့ရောက်ရှိရာ၌ အောက်တိုဘာ ၂၉ ရက်တွင် ပျဉ်းမနားမြို့ရှိ ငလျင်ဘေးဒဏ်မှပြန်လည်တည် ဆောက်ထားသော ဘုန်းကြီးကျောင်းလွှဲပြောင်းပေးခြင်း၊ ဘုန်းကြီးကျောင်းတွင် သင်္ကန်းနှင့် ဆန်များပါဝင်လှူဒါန်းကြောင်း သိရသည်။
အဆိုပါစီမံကိန်း နှစ်ခုသည် AHA စင်တာမှ ၂၀၂၅ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသော ရပ်ရွာလူထုကို ပြန်လည်ထူထောင်ရေးပံ့ပိုးကူညီပေးနေသော ဖိလစ်ပိုင်နိုင်ငံ၏လူသားချင်းစာနာထောက်ထားမှုအကူအညီတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ထို့ပြင် အထူးကိုယ်စားလှယ်အဖွဲ့အပါအဝင် AHA Centre မှ ကိုယ်စားလှယ်များတို့သည် အောက်တိုဘာ ၂၈ ရက်တွင် ရန်ကုန်မြို့ရှိ အာဆီယံသံရုံးများမှ သံတမန်များပါဝင်သော အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ နှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ စိန့်ဖော်စတီနာနိုဗီရှိတ် ဘုရားကျောင်းနှင့် တောင်ကြီးမြို့နယ်၊ ညိုမီးဘုရားကုန်းကျေးရွာတို့၌ AHA Centre မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အကူအညီဖြင့် ပေးအပ်သည့် လူသားချင်းစာနာမှု အကူအညီများဖြစ်သည့် ဆန်၊ မိသားစုသုံးပစ္စည်းနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများအား အကူအညီလိုအပ်နေသူများထံ ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။
ယင်းခရီးစဉ်တွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုသည် ရွေးတုအစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံပြီး လူသားချင်းစာနာထောက်မှုဆိုင်ရာအခြေအနေများ၊ ထိခိုက်လွယ်ဒေသများတွင် လူမှုရေးအကူအညီတိုးမြှင့်ပေးရန်နှင့် အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကိုအကောင်အထည် ဖော်နိုင်ရေးဆွေးနွေးကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အာဆီယံသဘောတူညီချက် ၅ ချက်နှင့်ပတ်သက်ပြီး အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအဏာမထိခိုက်စေဘဲ အစိုးရ၏ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့် အညီပူးပေါင်းဆောင်ရွက်နေကြောင်း ရွေးတုအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဓာတ်ပုံ – MOFA