ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

 

မြောက်ကိုရီးယားနိုင်ငံဟာ စစ်လက်နက်ပြပွဲတစ်ခုမှာ တိုက်ခိုက်ရေးဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ဒုံးပစ်လောင်ချာတွေကို စမ်းသပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၃၀ ရက်မှာ ဖော်ပြပါတယ်။

 

မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းလွန်သို့ ပဲ့ထိန်းဒုံးကျည် ၁၂ စင်းခန့် ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားက ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုပြပွဲ ပြုလုပ်ခဲ့ပေမယ့် အဆိုပါ ပစ်ခတ်မှုတွေဟာ ပြပွဲနဲ့ ဆက်စပ်မှု ရှိ၊ မရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ခေတ်သစ်စစ်ပွဲတွေရဲ့ ပြောင်းလဲလာတဲ့ ပုံစံတွေကြောင့် ဒရုန်းနည်းပညာမှာ အသာစီးရရှိရေးဟာ မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်လို့ ခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ဆိုပါတယ်။

 

ပြပွဲမှာ အသေခံတိုက်ခိုက်ရေးဒရုန်းတွေ၊ ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ဘက်စုံသုံးဒရုန်းတွေ၊ ခရုစ်ဒုံးကျည်တွေနဲ့ ၆၀၀ မီလီမီတာ ဒုံးပစ်လောင်ချာတွေ ပါဝင်ခဲ့ပြီး ဒရုန်းနဲ့ ခရုစ်ဒုံးကျည်တွေဟာ ကျွန်းပေါ်ရှိ ပစ်မှတ်ကို ၁၀၀ ရာခိုင်နှုန်း တိကျစွာ ထိမှန်ခဲ့တယ်လို့ KCNA က ဖော်ပြပါတယ်။

 

မြောက်ကိုရီးယားဟာ နောက်ဆုံးပေါ် ရေငုပ်သင်္ဘောပစ် တော်ပီဒိုစနစ်နဲ့ အသံထက်မြန်သော ဒုံးကျည်တွေကိုလည်း AI နည်းပညာတွေ အသုံးပြုပြီး စမ်းသပ်ခဲ့ပါတယ်။

တောင်ကိုရီးယားက ယခုလို လက်နက်စမ်းသပ်မှုတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာလို့ စွပ်စွဲပါတယ်။

 

နှစ်နိုင်ငံ နယ်စပ်အနီး မိုင်းပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားစစ်သည် သုံးဦး ဒဏ်ရာရရှိခဲ့ပြီးနောက် အခုလို လက်နက်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာပါ။

 

ကင်ဂျုံအန်ရဲ့ ဩဇာရှိသော ညီမဖြစ်သူ ကင်ယိုဂျောင်က နယ်စပ်မှာ ဝါဒဖြန့် အသံချဲ့စက်တွေကို ပြန်တပ်ဆင်မယ်လို့ လွန်ခဲ့တဲ့ သီတင်းပတ်က သတိပေးခဲ့ပါတယ်။

 

တောင်ကိုရီးယားက စစ်ရေးဆွေးနွေးပွဲများ ပြုလုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် မြောက်ကိုရီးယားက အကြောင်းပြန်ခြင်း မရှိသေးပါဘူး။

 

နှစ်နိုင်ငံစလုံးဟာ ၁၉၅၃ ခုနှစ်မှာ စစ်ရပ်စဲရေး သဘောတူညီချက်နဲ့ စစ်ပွဲကို အဆုံးသတ်ခဲ့လို့ စစ်ဖြစ်ပွားနေတဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။

 

News: CNA
Ref; North Korea displays drones, missiles as Kim urges AI weapons push