ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

 

မလေးရှားအစိုးရက မြန်မာဒုက္ခသည်တွေကို တရားဥပဒေနဲ့ သံတမန်ရေးရာ လုပ်ငန်းစဉ်အတိုင်း မိခင်နိုင်ငံသို့ ပြန်ပို့ရေး ဆက်လက်လုပ်ဆောင်မယ်လို့ ပြည်ထဲရေးဝန်ကြီး ဆာအီဖူဒင် နာဆူတီယွန် အစ္စမေးလ်က ပြောကြားလိုက်ပါတယ်။

 

တရားရုံးရဲ့ အခြားတစ်စုံတစ်ရာ ညွှန်ကြားချက်မရှိပါက ဒုတိယအသုတ် မြန်မာဒုက္ခသည်တွေ အဆင်ပြေစွာ ပြန်ပို့နိုင်ရေး မြန်မာစစ်အုပ်စုနဲ့ ဆက်လက်ညှိနှိုင်းမယ်လို့ သူက ဆိုပါတယ်။

 

တရားစီရင်ရေးဆိုင်ရာ ပြန်လည်စိစစ်မှုကို ဒီဇင်ဘာ ၈ ရက်သို့ ရက်ချိန်းပေးထားပြီး လက်ရှိမှာ ဆိုင်းငံ့မိန့် ပယ်ချခံထားလို့ အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်မယ်လို့ အခမ်းအနားတစ်ခုမှာ ၎င်းက ပြောပါတယ်။

မြန်မာဒုက္ခသည်တွေ ရှိနေမှုအပေါ် မိမိသဘောနဲ့ အရေးယူဆောင်ရွက်မှုတွေ မပြုလုပ်ကြဖို့နဲ့ အာဏာပိုင်တွေထံသာ လွှဲအပ်ကြဖို့ ၎င်းက တိုက်တွန်းပါတယ်။

 

ဒုက္ခသည်ပြဿနာကြောင့် လူမှုစီးပွား ပြဿနာများ ဖြစ်ပေါ်နိုင်ပေမယ့် ပြည်သူတွေအနေနဲ့ လွန်ကဲစွာ ပြုမူခြင်း သို့မဟုတ် ဥပဒေဘောင်ကျော်လွန် ဆောင်ရွက်တာတွေ မပြုလုပ်သင့်ဘူးလို့ သူက ထောက်ပြပါတယ်။

 

ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက တရားမဝင် နေထိုင်သူတွေကို အရေးယူဖို့ ဆောင်ရွက်နေလို့ ပြည်သူတွေအနေနဲ့ ဥပဒေကို လက်လွတ်စပယ် မကျင့်သုံးဘဲ အာဏာပိုင်တွေထံသာ လွှဲအပ်ကြဖို့ ဆာအီဖူဒင်က သတိပေးပါတယ်။

 

ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က နိုင်ငံတကာရဲ့ ဝေဖန်မှုတွေရှိပေမယ့် ဒုက္ခသည်ပြဿနာ ဖြေရှင်းနိုင်ရေး သံတမန်ရေးရာ နည်းလမ်းကို ရွေးချယ်ခဲ့တယ်လို့ ပြောပါတယ်။

 

မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးပြီးနောက် မလေးရှားရောက် မြန်မာနိုင်ငံသားအချို့ကို လေကြောင်းနဲ့ ရေကြောင်းတို့မှ ပြန်လည်ခေါ်ယူဖို့ မြန်မာက သဘောတူခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

 

လက်ရှိအချိန်အထိ မြန်မာနိုင်ငံသား ၁၀,၃၀၀ ခန့်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ယခုလအတွင်း နောက်ထပ် ၃,၀၀၀ ခန့်ကို ပြန်လည်ပို့ဆောင်မယ်လို့ သိရပါတယ်။

 

News: Bernama
Ref; Malaysia to proceed with repatriation of 5,000 Myanmar refugees after court ruling, says home minister