ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ၌ အာရက္ခတပ်တော် AA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့မှ စုစုပေါင်း ၂၈ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း စစ်တပ်၏ ပြန်ကြားရေးနှင့် စစ်တပ်ထောက်ခံချန်နယ်များက အောက်တိုဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်သည် အခြေအမြစ်မရှိဘဲ တပ်မိသားစုများနှင့် ဖမ်းဆီးခံထားရသည့် လူငယ်များကို အသုံးချကာ ဖန်တီးထားသည့် ဝါဒဖြန့်မှုသာဖြစ် ကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
“အမှန်တကယ် လက်နက်စွန့် အလင်းဝင်ရောက်လာခြင်းထက် ဝါဒဖြန့်ချိရေးအတွက် တပ်မိသားစုများနှင့် မသင်္ကာဖြင့် ဖမ်းခံထားရသည့် လူငယ်များကို ဖိအားပေး စီစဉ်ထားခြင်းမျိုး ဖြစ်ပါတယ်။ ကျွန်မတို့ ဇင်ပြွန်ကုန်းအုပ်စုက ကောင်လေးတစ်ဦးပါတယ်၊ သူက စစ်မှုထမ်းကိစ္စကြောင့် ရွာကပြေးနေပြီး ရန်ကုန်မှာ အလုပ်လုပ်နေတာ၊ ရွာကပြေးတာ လပိုင်းပဲ ရှိသေးတယ်” ဟု ဧရာဝတီတိုင်းအတွင်းမှ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်တပ်၏ ထုတ်ပြန်ချက်တွင် AA တပ်ဖွဲ့ဝင် ၁၅ ဦးနှင့် PDF တပ်ဖွဲ့ဝင် ၁၃ ဦးတို့ လက်နက်များနှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသော်လည်း ဓာတ်ပုံနှင့် ဗီဒီယိုများ၌ ပါဝင်သူများ၏ မျက်နှာများကို ဖုံးကွယ်ထားသည်။
ယင်းသို့ ပြုလုပ်ခြင်းသည် မြေပြင်တွင် အမှန်တကယ် အလင်းဝင်ရောက်မှု မရှိဘဲ ဝါဒဖြန့်ဖန်တီးထားခြင်းကြောင့် ပါဝင်သူများ၏ မျက်နှာကို ပြသပါက သက်ဆိုင်ရာ ဒေသခံများနှင့် သိရှိသူများရှိပါက လိမ်လည်ဖန်တီးထားသည်ကို အရှက်ကွဲမည်စိုး၍ ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်သည်ဟုဆိုသည်။
အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တည်ရှိရာ ပုသိမ်မြို့နယ်အတွင်းသို့ AA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး လက်နက်ချ အလင်းဝင်သည်ဆိုသည့် အချက်မှာ မြေပြင်စစ်ရေး အခြေအနေအရ ကွဲလွဲကာ စစ်တပ်ဘက်မှ အထိနာနေခြင်းဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ထောက်ပြကြသည်။
စစ်တပ်သည် စစ်ရေးရှုံးနိမ့်မှုများကို ဖုံးကွယ်ရန် စစ်တပ်ထောက်ခံသူများနှင့် တပ်တွင်းအင်အား၏ စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် ယခုကဲ့သို့ အလင်း ဝင်ရောက်မှု ပုံစံများကို အစဉ်တစိုက် ဖန်တီးလေ့ရှိပြီး ယခု နတခ၏ ထုတ်ပြန်ချက်သည်လည်း ယခင်ကဲ့သို့ပင် အခြေအမြစ်မရှိသည့် ဝါဒဖြန့်ချိရေးသက်သက်သာ ဖြစ်ကြောင်း တပ်တွင်း သတင်းပေးထံမှ သိရသည်။