ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

 

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၉ မိုင်၊ မစိုးရိမ်ကျောင်းလမ်းရှိ အဆောက်အအုံနှစ်ခုတွင် တရုတ်နိုင်ငံသား ဦးဆောင်လုပ်ကိုင်နေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ကို စီးနင်းရှာဖွေခဲ့ပြီး လူ ၁၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရွေးတုအစိုးရစစ်တပ်က ယနေ့ နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန် သည်။

 

အဆိုပါ မစိုးရိမ်ကျောင်းလမ်းအတွင်းရှိ အဆောက်အအုံနှစ်ခုကို နိုဝင်ဘာလ ၂၀ ရက်နေ့ ညပိုင်းက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းဦးဆောင်သူ တရုတ်နိုင်ငံသား အပါအဝင် တရုတ်၊ ထိုင်းနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၅ ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

စီးနင်းမှုအတွင်း ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများနှင့် ဝိုင်ဖိုင်စက်များကိုပါ သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ ကျားဖြန့်လုပ်ငန်းသည် ယခုနှစ် မေလကတည်းက စတင်လည်ပတ်နေခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

 

 

ယခုဖြစ်စဉ်သည် ရန်ကုန်မြို့၌ သီတင်းတစ်ပတ်ကျော်အတွင်း လူ ၁၀၀ ကျော် ဖမ်းဆီးခံရသည့် ဒုတိယမြောက် ကျားဖြန့်လုပ်ငန်းခွင် စီးနင်းခံရမှုလည်း ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ ကလည်း သာကေတမြို့နယ်ရှိ လူနေကွန်ဒိုတစ်ခုအတွင်း လူ ၁၀၀ ကျော် ပါဝင်သည့် ကျားဖြန့်လုပ် ငန်းကို ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်ပြည်သူ့လုံခြုံရေးဌာနက ဆုကြေးထုတ်ထားသူ တစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့သည်။

 

ရန်ကုန်မြို့ရှိ လူနေရပ်ကွက်များအတွင်း ယခုကဲ့သို့ ကျားဖြန့်လုပ်ငန်းများ လပေါင်းများစွာ အခြေချ လည်ပတ်လာနေခြင်းအပေါ် ရွေးတုအစိုးရ ထောက်ခံသူများကြားတွင်ပင် ဝေဖန်မေးခွန်းထုတ်မှုများ ရှိသည်။

၂၀၂၅ ခုနှစ်က စတင်ပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာ နယ်စပ် ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်ရေးများကြောင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် နယ်စပ်ဒေသများမှ ပြည်တွင်းမြို့ကြီးများအထိ ဖြန့်ကြက်ရွှေ့ပြောင်း လုပ်ကိုင်လာကြရာ ယခုနှစ်အတွင်း ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်ရှိ မြို့ကြီးများတွင် ဖမ်းဆီး ရမိမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာသည်။

 

လူငယ်များသည်လည်း စစ်မှုထမ်းဥပဒေကြောင့် ပေါ်တာဆွဲ ဖမ်းဆီးခံရမည့်ဘေးနှင့် ရင်ဆိုင်နေရပြီး တစ်ဖက်တွင်လည်း လက်ရှိ စီးပွားရေး အကျပ်အတည်းကြောင့် လစာကောင်းသည့် အွန်လိုင်း အလုပ်အကိုင် ကြော်ငြာများမှတစ်ဆင့် လူကုန်ကူးခံရကာ ငွေလိမ်လုပ်ငန်းများအတွက် သားကောင် အဖြစ် အသုံးချခံနေရကြောင်းကို ဒေသတွင်း သတင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

 

ဓာတ်ပုံ -မရမ်းကုန်းမြို့နယ်၊ ၉ မိုင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ကို ဝင်ရောက်စီးနင်းပြီးနောက်တွေ့ရစဉ်။