ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

 

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ဆုံးဖြတ်ချက်သည် နိုင်ငံတကာတရားစီရင်ရေးတွင် သမိုင်းဝင်မှတ်တိုင်တစ်ရပ် ဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု သံသယရှိသူများကိုယ်တိုင်က စုံစမ်းစစ်ဆေးခြင်းနှင့် ပြစ်ဒဏ်ချမှတ် အရေးယူခြင်း လုပ်ငန်းစဉ်များအပေါ် တာဝန်ယူဆောင်ရွက်ခြင်း သို့မဟုတ် အာဏာပိုင်ဆိုင်ခြင်း မပြုသင့်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က ယနေ့ နိုဝင်ဘာ ၂၂ ရက်တွင် သဘောထားထုတ်ပြန်သည်။

 

ရခိုင်ပြည်နယ်တွင် လက်ရှိ အဓိကအာဏာပိုင်အဖြစ် ရပ်တည်နေသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အပါအဝင် ရခိုင်ပြည်ရှိ သက်ဆိုင်သူအားလုံး၊ နိုင်ငံတကာအသိုက်အဝန်းတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကာ တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို အတူတကွ ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း SCEF က ဖော်ပြထားသည်။

842566704

“နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အထူးသဖြင့် မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်း အပါအဝင် အဓိကတာဝန်ရှိသူများကို အကာအကွယ်ပေးခြင်း သို့မဟုတ် ၎င်းတို့၏ လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးခြင်းများ မပြုဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးကို ထိရောက်စွာ ဆောင်ရွက်ရမည် ဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ရွေးတုအစိုးရစစ်တပ်သည် နိုင်ငံတစ်ဝန်းတွင် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ယနေ့တိုင် ဆက်လက်ကျူးလွန်လျက်ရှိပြီး အလားတူ ရာဇဝတ်မှုများ ထပ်မံမဖြစ်ပွားစေရန် ယုံကြည်စိတ်ချရသော အာမခံချက်များ ပေးနိုင်ရန်အတွက် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ဖွဲ့စည်းပုံများကို အသွင်ပြောင်းလဲခြင်းနှင့် စစ်တပ်အပေါ် အရပ်သားအုပ်ချုပ်မှု၊ ကြီးကြပ်ကွပ်ကဲမှု ထူထောင်ခြင်းတို့ လိုအပ်ကြောင်း၊ မည်သည့်ပုံစံဖြင့်မဆို စစ်အုပ်ချုပ်ရေး ဆက်လက်တည်ရှိနေခြင်းသည် အဆိုပါ အာမခံချက်များကို ပေးနိုင်စွမ်းမရှိကြောင်း SCEF က ထောက်ပြသည်။

 

ထို့အပြင် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်း၊ အတင်းအကျပ် စစ်မှုထမ်းစေခြင်း၊ ဂျန်ဒါအခြေပြုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အမုန်းစကား ဖြန့်ဝေခြင်းတို့ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနှင့် ကျူးလွန်သူများသည် မည်သည့်အဖွဲ့အစည်းနှင့် ဆက်နွယ်သည်ဖြစ်စေ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း တောင်းဆိုထားသည်။

 

SCEF အနေဖြင့် ၎င်း၏ အဖွဲ့ဝင်အဖွဲ့အစည်းများ နယ်မြေစိုးမိုးထိန်းချုပ်ထားသော ဒေသများတွင် အရပ်သားပြည်သူများအား အကာအကွယ်ပေးရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်လှမ်းမီရရှိရေး၊ သက်သေအထောက်အထားများ ထိန်းသိမ်းစုဆောင်းရေးနှင့် ချိုးဖောက်မှု စွပ်စွဲချက်များအပေါ် ယုံကြည်စိတ်ချရသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရေးတို့အတွက် နိုင်ငံရေးအသွင်ကူးပြောင်းမှု မူဘောင်မှတစ်ဆင့် လက်တွေ့ကျကျ အကောင်အထည်ဖော်သွားရန် ကတိပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။