ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်နှင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ကြားရှိ ရွေးတုအစိုးရ စစ်တပ်၏ ကင်းစခန်း သုံး ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ များက တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။

မိုးမိတ်မြို့နှင့် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာကြားရှိ ကင်းချောင်း၊ ပေကုန်းနှင့် သစ်ဆိမ့်ကုန်း တို့တွင် တပ်စွဲထားသော ရွေးတုအစိုးရစစ်တပ်စခန်း သုံး ခုကို KIA တပ်မဟာ (၄)၊ တပ်မဟာ (၁၁)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် KPDF ပူးပေါင်း တပ်ဖွဲ့များက နိုဝင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်တပ် တပ်ဖွဲ့ဝင် ငါး ဦး သေဆုံးကာ ၂၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KIA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုသိမ်းပိုက်ရရှိခဲ့သည့် စခန်းများသည် ရွေးတုအစိုးရစစ်တပ်က မိုးမိတ်မြို့သို့ စစ်အင်အားဖြည့် တင်းရာ လမ်းကြောင်းပေါ်တွင် တည်ရှိနေခြင်းကြောင့် စစ်ရေးအရ အရေးပါသည့် နေရာများဖြစ်ပြီး စစ်တပ်၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်မည်ဖြစ်ကြောင်း ကချင်စစ်ရေး သတင်းရင်း မြစ်တစ်ဦးထံမှ သိရသည်။

ထို့အပြင် မိုးမိတ်-မြစ်ဆုံ-မဘိမ်း လမ်းကြောင်းပေါ်ရှိ မိုးမိတ်နှင့် မြစ်ဆုံကြား ၅ မိုင်၊ ၆ မိုင် ပတ်ဝန်းကျင်ရှိ KIA တပ်စွဲရာ နေရာများကို ရွေးတုအစိုးရစစ်တပ်က ထိုးစစ်ဆင်နေသဖြင့် နှစ်ဖက် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားသည်။

မိုးမိတ်ဒေသအတွင်း KIA ပူးပေါင်းတပ်ဖွဲ့များနှင့် ရွေးတုအစိုးရစစ်တပ်တို့အကြား ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှ စတင်ကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်မှာ နှစ်လနီးပါး ကြာမြင့်လာပြီဖြစ်ရာ မိုးမိတ်-သပိတ်ကျင်း လမ်းပိုင်းနှင့် မိုးမိတ်-မြစ်ဆုံ-မဘိမ်း လမ်းကြောင်း တစ်လျှောက် သွားလာနေသည့် ဒေသခံပြည်သူများအနေဖြင့် တိုက်ပွဲနှင့် လေကြောင်းရန် အန္တရာယ် များကို အထူးသတိပြုရန် လိုအပ်ကြောင်း စစ်ရေးအရင်းအမြစ်က ဆိုသည်။

ပုံစာ-KIA ပူးပေါင်းတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(ပုံဟောင်း)