ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ နိုဝင်ဘာ ၂၂ ရက်)
တစ်ခါတလေ ဘဝမှာ ကြိုတင်မစီစဉ်ထားတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ရတတ်ပါတယ်။ ချစ်သူနှစ်ဦး ကြားက ရင်းနှီးမှုတစ်ခု၊ သူငယ်ချင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတစ်ခု၊ ဒါမှမဟုတ် လူနှစ်ဦး အပြန်အလှန် သဘောတူပြီး ရင်းနှီးပျော်ပါးခဲ့ကြတဲ့ အခိုက်အတန့်တစ်ခုမှာ လိင်ဆက်ဆံစဉ် ကွန်ဒုံး အသုံးမပြုမိ တာမျိုး ဖြစ်သွားနိုင်ပါတယ်။ တချို့မှာတော့ ကွန်ဒုံးသုံးခဲ့ပေမဲ့ မတော်တဆ ပေါက်ပြဲသွားတာ၊ ကျွတ်ကျတာ၊ ချော်ထွက်သွားတာမျိုး ကြုံတွေ့နိုင်ပါတယ်။ ပျော်ရွှင်စရာ အချိန်တွေ ကုန်ဆုံးသွားပြီး နောက်မှာ စိုးရိမ်ပူပန်မှုတွေ စတင်လာပါပြီ။
မလိုလားအပ်တဲ့ ကိုယ်ဝန်ရသွားမှာ စိုးရိမ်မိတယ်။ HIV နဲ့ အခြားလိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကူးစက်မိမှာ ကြောက်ရွံ့မိတယ်။ အခြားသူတွေ သိသွားမှာ၊ အပြစ်တင်ခံရမှာကိုလည်း စိုးရိမ်နေမိနိုင်ပါတယ်။ တချို့လူတွေက အရှက်ကြောင့် ဘယ်သူ့ကိုမှ မပြောရဲကြပါဘူး။ တချို့က အင်တာနက်ပေါ်က အကြံပြုချက်တွေကို လိုက်ရှာကြပါတယ်။ တချို့ကတော့ စိုးရိမ်ပူပန်နေရင်း ဘာမှမလုပ်ဘဲ အချိန်ကုန်သွားတတ်ကြပါတယ်။
ဒီလိုအတွေ့အကြုံမျိုး သင်ကြုံတွေ့ခဲ့ရမယ်ဆိုရင် ပထမဆုံး စိတ်ကို ပြင်ဆင်ထားဖို့ပါ။ အကာအကွယ်မဲ့ လိင်ဆက်ဆံမိခဲ့တာဟာ သင်ရောဂါကူးစက်ခံရပြီ၊ ကိုယ်ဝန်ရသွားပြီလို့ တထစ်ချ စိုးရိမ်စိတ်လွန်ကဲ တာမျိုးနဲ့ အချိန်ကုန်မခံဘဲ အကြံပေးရရင် တကယ်လုပ်သင့်တာက ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို လျစ်လျူမပြုဘဲ ဆေးကုရမှာပါ။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေဖို့ထက် အချိန်မီလုပ်ရမယ့် ကျန်းမာရေးကာကွယ်မှုတွေကို ရယူဖို့ကသာ အရေးကြီးနေတာ ဖြစ်ပါတယ်။
အဖိုးတန် အချိန်
အကာအကွယ်မဲ့ ပျော်ပါးဆက်ဆံမိပြီးနောက်မှာ ကျန်းမာရေးအတွက် အရေးကြီး ကာကွယ်မှုအချို့ လုပ်နိုင်ပါတယ်။ သို့သော် အချိန်ကန့်သတ်ချက် ရှိပါတယ်။
အဖိုးတန် ၇၂ နာရီ (၃ ရက်)
-HIV ကူးစက်နိုင်တဲ့ အန္တရာယ်ရှိခဲ့ရင် HIV ကာကွယ်ရေး အရေးပေါ်ဆေး (PEP) ကို စတင်သောက်သုံးဖို့ အချိန်ကန့်သတ်ချက် ဖြစ်ပါတယ်။ စောနိုင်သမျှ စောနိုင်ရင် အကောင်းဆုံးပါ။ ၇၂ နာရီ ကျော်လွန် သွားရင်တော့ ကာကွယ်နိုင်စွမ်း နည်းပါးသွားပါပြီ။
သန္ဓေတားဆီးနိုင်တဲ့ ၁၂၀ နာရီ (၅ ရက်)
-ကိုယ်ဝန်ရနိုင်တဲ့ အခြေအနေမျိုးဆိုရင် စိတ်ချရတဲ့ အရေးပေါ် ကိုယ်ဝန်တားနည်းအချို့ကို အသုံး ပြုနိုင်တဲ့ အချိန်ကန့်သတ်ချက်ပါ။ ဒီအချိန်တွေဟာ ဆေးရုံသွားဖို့ နောက်ဆုံးအချိန်အထိ စောင့်နေလို့ ရတယ်ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။
အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီးနောက် အကူအညီ စောစောယူလေလေ ကာကွယ်နိုင်မယ့် အခွင့်အရေး ပိုကောင်းလေလေ ဖြစ်ပါတယ်။
HIV ကူးစက်မှုကို ကာကွယ်ပေးတဲ့ PEP ဆေးဝါး
HIV ဆိုတာ လူ့ကိုယ်ခံအားစနစ်ကို ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပါတယ်။ HIV ရှိသူတစ်ဦးနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့အခါ HIV ကူးစက်နိုင်ခြေ ရှိပါတယ်။
အကာအကွယ်မဲ့ လိင်ဆက်ဆံတိုင်း HIV ကူးစက်နိုင်ခြေ ရှိနေပေမယ့် လိင်ဆက်ဆံမှုပုံစံ၊ ထိတွေ့မှု အမျိုးအစားနဲ့ လိင်ဆက်ဆံဖက်ရဲ့ HIV အခြေအနေအပေါ် မူတည်ပြီး ဆေးပညာမှာ ကုသကာကွယ်မှု တွေ မတူကြပါဘူး။ လိင်ဆက်ဆံဖော်က HIV ရှိနေပေမယ့် ART ဆေးဝါးတွေကို စနစ်တကျ သောက်သုံးနေပြီး သွေးထဲက ဗိုင်းရပ်စ်ပမာဏကို မတွေ့နိုင်တဲ့အဆင့်အထိ ဆက်လက်ထိန်းထားနိုင်ရင် လိင်ဆက်ဆံခြင်းကနေ HIV မကူးစက်နိုင်ပါဘူး။ ဒါကို U=U လို့ ခေါ်ပါတယ်။ လိင်ဆက်ဆံဖော်ရဲ့ HIV အခြေအနေကို မသိဘူးဆိုရင်တော့ အန္တရာယ်ရှိနိုင်တဲ့ ထိတွေ့မှုအမျိုးအစားအဖြစ်သာ သတ်မှတ်ကုသ ရမှာ ဖြစ်ပါတယ်။
PEP (Post-Exposure Prophylaxis) ဆိုတာ HIV ကူးစက်နိုင်ခြေရှိတဲ့ ထိတွေ့မှုတစ်ခု ဖြစ်ပြီးနောက်မှ HIV ကူးစက်တာ ကာကွယ်ဖို့ သောက်သုံးရတဲ့ ဆေးဝါးကုသမှု ဖြစ်ပါတယ်။ PEP ကို HIV ကူးစက်နိုင်ခြေရှိတဲ့ ထိတွေ့မှုပြီးနောက် ၇၂ နာရီအတွင်း စတင်ရပါတယ်။ ဖြစ်နိုင်ရင် ၂၄ နာရီအတွင်း စတင်တာ ပိုကောင်းပါတယ်။ ဆရာဝန် ညွှန်ကြားချက်အတိုင်း ၂၈ ရက် ဆက်တိုက် သောက်သုံးရပါတယ်။ PEP ဟာ HIV ကူးစက်မှုကို ကာကွယ်နိုင်ပေမယ့် ရာနှုန်းပြည့် အာမခံချက် ပေးနိုင်တာတော့ မဟုတ်ပါဘူး။
လိင်ဆက်ဆံဖော်ရဲ့ HIV အခြေအနေကို မသိဘူးဆိုရင်တော့ အန္တရာယ်ရှိနိုင်တဲ့ ထိတွေ့မှုအမျိုးအစား အဖြစ်သာ သတ်မှတ်ကုသရမှာဖြစ်ပါတယ်။
အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတိုင်းမှာ PEP သောက်ဖို့ လိုမလိုဆိုတာ ဆရာဝန်၊ ဆေးပညာရှင်က ဆုံးဖြတ်ပေးရမှာပါ။ HIV အတွက် PEP လိုအပ်နိုင်တယ်ဆိုရင် စစ်ဆေးမှုအဖြေတွေကို စောင့်နေရင်း ၇၂ နာရီ ကျော်သွားတာမျိုး မဖြစ်သင့်ပါဘူး။ ဆေးရုံ၊ အရေးပေါ် ဆေးကုသရေးဌာန ဒါမှမဟုတ် HIV ကာကွယ်ကုသရေး ဝန်ဆောင်မှုရှိတဲ့ ဆေးခန်းကို အမြန်ဆုံး သွားရောက်ကုသပါ။ ၇၂ နာရီ ကျော်သွားပြီဆိုရင်တောင် စစ်ဆေးမှုနဲ့ နောက်ဆက်တွဲ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် ဆေးခန်းသွားဖို့ လိုအပ်ပါတယ်။
မလိုလားအပ်တဲ့ ကိုယ်ဝန်ကို ကာကွယ်နိုင်တဲ့ နည်းလမ်းများ
အကာအကွယ်မဲ့ မိန်းမကိုယ်မှတစ်ဆင့် လိင်ဆက်ဆံမှု (Vaginal Sex) ဖြစ်ခဲ့ရင် ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် ကွန်ဒုံးအသုံးမပြုတာ၊ ကွန်ဒုံးပေါက်ပြဲတာ၊ ပုံမှန် ကိုယ်ဝန်တားဆေး သောက်ဖို့ မေ့လျော့တာတွေကြောင့် ကိုယ်ဝန်ရနိုင်ပါတယ်။ သုက်ရည်ကို အပြင်မှာ ထုတ်လိုက်တာနဲ့လည်း ကိုယ်ဝန်မရနိုင်ဘူးလို့ အထင်မှားတတ်ကြပါတယ်။ မကျိန်းသေပါဘူး။ ကိုယ်ဝန်ရနိုင်ပါတယ်။ ဒီလို အခြေအနေမှာ အရေးပေါ် ကိုယ်ဝန်တားနည်း (Emergency Contraception) တွေကို အသုံးပြုနိုင် ပါတယ်။
လီဗိုနော်ဂျက်စထရယ် Levonorgestrel ပါဝင်တဲ့ အရေးပေါ်သန္ဓေတားဆေး
-လိင်ဆက်ဆံပြီးနောက် တတ်နိုင်သမျှ စောစော သောက်သုံးသင့်ပါတယ်။ ပထမ ၇၂ နာရီအတွင်း ပိုမိုထိရောက်ပါတယ်။ ၅ ရက်အတွင်း အသုံးပြုနိုင်ပေမယ့် အချိန်ကြာလာတာနဲ့ ထိရောက်မှု လျော့နည်းနိုင်ပါတယ်။
Ulipristal Acetate ပါဝင်တဲ့ အရေးပေါ်သန္ဓေတားဆေး
-လိင်ဆက်ဆံပြီးနောက် ၁၂၀ နာရီ (၅ ရက်) အတွင်း အသုံးပြုနိုင်ပါတယ်။ ၃ ရက်ကျော်ပြီး ၅ ရက်အတွင်းမှာ Levonorgestrel ထက် ပိုမိုထိရောက်နိုင်ပါတယ်။
Copper IUD သန္ဓေတားသားအိမ်တွင်းထည့်ပစ္စည်း
-သားအိမ်အတွင်း ထည့်သွင်းအသုံးပြုတဲ့ ကြေးနီနဲ့လုပ်ထားတဲ့ ကိုယ်ဝန်တားပစ္စည်း ဖြစ်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း ထည့်သွင်းနိုင်ပြီး အရေးပေါ် ကိုယ်ဝန်တား နည်းတွေထဲမှာ အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။
ဒီနည်းလမ်းတွေဟာ ကိုယ်ဝန်ရရှိမှုကို ကာကွယ်ဖို့သာ ဖြစ်ပြီး ကိုယ်ဝန်ရှိပြီးသားကို ဖျက်ချတဲ့ နည်းလမ်းတွေ မဟုတ်ပါဘူး။ အရေးပေါ် ကိုယ်ဝန်တားဆေး သောက်ပြီးနောက်ပိုင်းမှာလည်း ကိုယ်ဝန် ရနိုင်ခြေ လျော့သွားတာ မဟုတ်ပါဘူး။ သောက်သုံးနေတဲ့ အခြားဆေးဝါးတွေ၊ ပုံမှန် ကိုယ်ဝန် တားနည်းတွေနဲ့ ဆက်စပ်ပြီး အကျိုးသက်ရောက်မှုတွေ ဖြစ်တတ်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့နည်းလမ်းကို ရွေးချယ်ပါ။ အရေးပေါ် ကိုယ်ဝန်တားဆေးဟာ HIV နဲ့ အခြားလိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။
HIV တစ်မျိုးတည်းမဟုတ်တဲ့ အခြား STI ရောဂါများ
အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် လူအများစု စိုးရိမ်တတ်တဲ့ရောဂါက HIV ဖြစ်ပါတယ်။ ဒါပေမဲ့ HIV တစ်မျိုးတည်းကိုပဲ စိုးရိမ်နေဖို့ မသင့်ပါဘူး။ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (Sexually Transmitted Infections — STIs) အများကြီး ရှိပါတယ်။ အဲဒီအထဲမှာ HIV၊ ဆစ်ဖလစ် ကာလသားပိုး (Syphilis)၊ ဂနိုရီးယား ဆီးပူညောင်းကျ ပိုး (Gonorrhea)၊ ကလမိုင်းဒီးယား (Chlamydia)၊ လိင်အင်္ဂါရေယုန် (Genital Herpes)၊ HPV နဲ့ အသည်းရောင်အသားဝါ B ပိုး (Hepatitis B) စတာတွေ ပါဝင်ပါတယ်။
ဒီရောဂါတွေဟာ မိန်းမကိုယ်မှတစ်ဆင့် လိင်ဆက်ဆံခြင်း (Vaginal Sex)၊ စအိုမှတစ်ဆင့် လိင်ဆက် ဆံခြင်း (Anal Sex) နဲ့ ပါးစပ်မှတစ်ဆင့် လိင်ဆက်ဆံခြင်း (Oral Sex) တွေကနေ ကူးစက်နိုင်ပါတယ်။ ရောဂါအမျိုးအစားအလိုက် ကူးစက်နိုင်ခြေတွေလည်း ကွာခြားပါတယ်။ သတိထားရမယ့်အချက်က STI အများစုဟာ ကူးစက်ခံရပြီးနောက် အစောပိုင်းမှာ လက္ခဏာမပြဘဲ ရှိနေနိုင်တာပါပဲ။
အမျိုးသားတချို့မှာ ဆီးသွားတဲ့အခါ ပူစပ်ခြင်း၊ အမျိုးသားလိင်တံကနေ အရည်ထွက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ အမျိုးသမီးတချို့မှာ မိန်းမကိုယ်ယားယံခြင်း၊ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ဗိုက်အောက်ပိုင်း နာကျင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ တချို့မှာတော့ လိင်အင်္ဂါတစ်ဝိုက် အနာ၊ အဖုအပိမ့်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလက္ခဏာတွေ မရှိဘူးဆိုရင်တောင် STI ကူးစက်မှု ရှိနေနိုင်ပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာ ပေါ်လာတဲ့အထိ မစောင့်ဘဲ သင့်တော်တဲ့အချိန်မှာ စစ်ဆေးမှု ခံယူဖို့ အရေးကြီးပါတယ်။
HIV နဲ့ STI စစ်ဆေးမှုများနှင့် Window Period
HIV နဲ့ STI စစ်ဆေးမှုတွေကို အချိန်မှန်မှန် ပြုလုပ်ပါ။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး နောက်တစ်နေ့မှာပဲ HIV စစ်ဆေးလိုက်လို့ Negative ဖြစ်တယ်ဆိုရင် အဲဒီထိတွေ့မှုကြောင့် HIV မကူးစက်ခဲ့ဘူးလို့ မထင်လိုက်ပါနဲ့။ HIV အပါအဝင် ကူးစက်ရောဂါအချို့ဟာ ကူးစက်ပြီးနောက် စစ်ဆေးမှုနဲ့ တွေ့ရှိနိုင်ဖို့ အချိန်လိုအပ်ပါတယ်။ ဒီအချိန်ကို Window Period လို့ ခေါ်ပါတယ်။ စစ်ဆေးမယ့်အချိန်ဟာ ရောဂါနဲ့ စစ်ဆေးမှုအမျိုးအစားပေါ် မူတည်ပါတယ်။
ဂနိုရီးယားနဲ့ကလာမိုင်ဒီယား(Gonorrhea နဲ့ Chlamydia)
-၁–၂ ပတ်အကြာမှာ စစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။ လက္ခဏာရှိရင်တော့ နှစ်ပတ်ပြည့်တဲ့အထိ မစောင့်ဘဲ ဆေးခန်းသွားသင့်ပါတယ်။
HIV စစ်ဆေးမှု
-HIV Antigen/Antibody Test ဟာ ၁၈ ရက်မှ ၄၅ ရက်အတွင်း HIV ကို တွေ့ရှိနိုင်ပါတယ်။ Rapid Test နဲ့ အခြားစစ်ဆေးမှုတွေမှာတော့ Window Period ပိုကြာနိုင်ပါတယ်။
ဆစ်ဖလစ် Syphilis စစ်ဆေးမှု
-အစောပိုင်းမှာ မတွေ့နိုင်တာကြောင့် လိုအပ်ရင် ၁ လနဲ့ ၃ လအကြာမှာ ထပ်မံစစ်ဆေးဖို့ လိုနိုင်ပါတယ်။
ပါးစပ်နဲ့ စအိုမှတစ်ဆင့် လိင်ဆက်ဆံမှု ရှိခဲ့ရင် လည်ချောင်းနဲ့ စအိုနေရာတွေက နမူနာယူပြီး စစ်ဆေးဖို့လည်း လိုအပ်နိုင်ပါတယ်။ စစ်ဆေးမှုတစ်ကြိမ် Negative ဖြစ်တာနဲ့ အားလုံးစိတ်ချရပြီလို့ မယူဆပါနဲ့။ စစ်ဆေးခဲ့တဲ့အချိန်နဲ့ စစ်ဆေးမှုအမျိုးအစားကိုပါ ထည့်သွင်းစဉ်းစားပြီး လိုအပ်သလို နောက်တစ်ကြိမ် ထပ်စစ်ဆေးရတတ်ပါတယ်။
အိမ်မှာ ကိုယ့်သဘောနဲ့ ဆေးသောက်ပြီး ကာကွယ်ဖို့ မကြိုးစားပါနဲ့
အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် လူတချို့ဟာ ရောဂါမကူးစက်အောင်ဆိုပြီး ပဋိဇီဝပိုးသတ်ဆေး တွေကို ကိုယ့်သဘောနဲ့ကိုယ် ဝယ်သောက်တတ်ကြပါတယ်။ တချို့က ဆီးသွားလိုက်တာ၊ ရေများများ သောက်လိုက်တာ၊ လိင်အင်္ဂါကို ဆပ်ပြာနဲ့ ပြင်းပြင်းထန်ထန် ဆေးကြောလိုက်တာတွေက ရောဂါကူးစက်မှုကို ကာကွယ်နိုင်တယ်လို့ မှားမှားယွင်းယွင်း လက်ခံနေကြပါတယ်။ တကယ်တော့ ဒီနည်းလမ်းတွေဟာ HIV နဲ့ STI ကူးစက်မှုကို မကာကွယ်နိုင်ပါဘူး။ မိန်းမကိုယ်အတွင်းကို ဆေးရည်တွေနဲ့ ထိုးဆေးကြောခြင်း (Vaginal Douching) ကလည်း ကူးစက်မှုကို မကာကွယ်နိုင်ဘဲ မိန်းမကိုယ်ရဲ့ ပုံမှန်အခြေအနေကိုပါ ထိခိုက်စေနိုင်ပါတယ်။
ပိုးသတ်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် သောက်သုံးခြင်းဟာ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပိုးသတ်ဆေး ယဉ်ပါးမှု ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အချို့ STI ကာကွယ်ရေးအတွက် Doxycycline PEP လို့ခေါ်တဲ့ ဆေးသောက်နည်းတစ်ခု ရှိပေမဲ့ လူတိုင်းအတွက် သင့်တော်တဲ့နည်းလမ်း မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ အန္တရာယ်မြင့်တဲ့ အုပ်စုအချို့အတွက်သာ ဆရာဝန်နဲ့ တိုင်ပင်စဉ်းစားရတဲ့ နည်းလမ်း ဖြစ်ပါတယ်။
အသည်းရောင်အသားဝါ B ကာကွယ်ဆေး မထိုးထားသူတွေမှာလည်း ထိတွေ့မှုအမျိုးအစားအပေါ် မူတည်ပြီး ကာကွယ်ဆေးနဲ့ Hepatitis B Immunoglobulin (HBIG) လိုအပ်နိုင်ပါတယ်။ အထူးသဖြင့် Hepatitis B ပိုးရှိသူနဲ့ ထိတွေ့မိရင် အမြန်ဆုံး ဆေးကုသမှု ယူသင့်ပါတယ်။ မှန်ကန်တဲ့ ကာကွယ်မှုဆိုတာ ဆေးတစ်ခုခုကို ကြုံသလိုသောက်ခြင်း မဟုတ်ဘဲ မိမိရဲ့ အန္တရာယ်ကို စနစ်တကျ အကဲဖြတ်ပြီး သင့်တော်တဲ့ ကုသမှုခံယူခြင်း ဖြစ်ပါတယ်။
ကိုယ်ဝန်ရှိမရှိ စစ်ဆေးဖို့လည်း မမေ့ပါနဲ့
ကိုယ်ဝန်ရနိုင်တဲ့ လိင်ဆက်ဆံမှု ဖြစ်ခဲ့သူတွေအနေနဲ့ အရေးပေါ် ကိုယ်ဝန်တားဆေး သောက်ထား ပြီးသား ဖြစ်ရင်တောင် နောက်ဆက်တွဲ စစ်ဆေးမှုကို သတိထားဖို့ လိုပါတယ်။ အရေးပေါ် ကိုယ်ဝန် တားဆေး သောက်ပြီးနောက် ရာသီလာချိန် စောသွားတာ၊ နောက်ကျသွားတာ၊ သွေးအနည်းငယ် ဆင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ရာသီလာဖို့ မျှော်လင့်ထားတဲ့ရက်မှာ မလာခဲ့ရင် ကိုယ်ဝန်စစ်ဆေး ကြည့်သင့်ပါတယ်။ ရာသီလာမယ့်ရက်ကို မသိဘူးဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့တဲ့နေ့ကနေ ၂၁ ရက်ပြည့်ပြီးနောက် ကိုယ်ဝန်စစ်ဆေးပါ။
ကိုယ်ဝန်စစ်ဆေးမှု Positive ဖြစ်လာရင် ကျန်းမာရေးပညာရှင်နဲ့ ဆွေးနွေးပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ရယူပါ။ ပြင်းထန်တဲ့ ဗိုက်အောက်ပိုင်း နာကျင်မှု၊ မူးလဲခြင်းနဲ့ သွေးအလွန်အကျွံ ဆင်းခြင်းတွေ ဖြစ်လာရင်တော့ အရေးပေါ် ဆေးကုသမှု ယူသင့်ပါတယ်။
အရှက်ကြောင့် ကျန်းမာရေးအကူအညီယူဖို့ မနှောင့်နှေးပါစေနဲ့
မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေ၊ အိမ်ထောင်မရှိသူတွေမှာ လိင်ဆက်ဆံခဲ့ကြောင်း အခြားသူတွေ သိသွားမှာကို စိုးရိမ်နေတတ်ကြပါတယ်။ ဆေးခန်းသွားရင် အပြစ်တင်ခံရမှာ၊ ဝေဖန်ခံရမှာကို ကြောက်ရွံ့ပြီး စစ်ဆေးကုသမှု မယူရဲကြတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေး အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အသက်အရွယ်၊ အိမ်ထောင်ရှိမရှိ၊ လိင်စိတ်တိမ်းညွတ်မှုနဲ့ လူမှုနောက်ခံ အခြေအနေတွေကြောင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်ကို ခွဲခြားမသတ်မှတ်သင့်ပါဘူး။
ဆေးခန်းသွားတဲ့အခါ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လျှို့ဝှက်ထားပေးမယ့် ကျန်းမာရေး ဝန်ဆောင်မှုကို ရွေးချယ်နိုင်ပါတယ်။ ဆရာဝန်ကို လိင်ဆက်ဆံခဲ့တဲ့အချိန်၊ ကွန်ဒုံးအသုံးပြုခဲ့ခြင်း ရှိမရှိ၊ လိင်ဆက်ဆံမှုပုံစံနဲ့ လက်ရှိလက္ခဏာတွေကို အမှန်အတိုင်း ပြောပြဖို့ အရေးကြီးပါတယ်။ အဲဒီအချက်အလက်တွေဟာ သင့်ကို အပြစ်တင်ဖို့ မဟုတ်ဘဲ သင့်တော်တဲ့ စစ်ဆေးမှုနဲ့ ကုသမှုတွေ ရွေးချယ်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း သင့်သဘောဆန္ဒမပါဘဲ လိင်ဆက်ဆံခံရခြင်း၊ အတင်းအကျပ် ပြုကျင့်ခံရခြင်းတွေ ဖြစ်ခဲ့ရင် အဲဒါဟာ သင့်ရဲ့ အပြစ်မဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေမှာ လုံခြုံတဲ့နေရာကို အရင်ဆုံး သွားပြီး ဆေးကုသမှု အမြန်ဆုံးယူပါ။ HIV PEP၊ အရေးပေါ် ကိုယ်ဝန်တားနည်း၊ STI ကာကွယ်ကုသမှုနဲ့ ဒဏ်ရာစစ်ဆေးကုသမှုတွေ လိုအပ်နိုင်ပါတယ်။ သက်သေခံ အထောက်အထား သိမ်းဆည်းလိုတဲ့ အခြေအနေမှာလည်း ကျန်းမာရေး ဝန်ထမ်းတွေက သင့်ဆန္ဒနဲ့အညီ လမ်းညွှန်ကူညီပေးနိုင်ပါတယ်။
ဘဝတစ်လျှောက် ပိုမိုလုံခြုံတဲ့ ရွေးချယ်မှုတွေသာ ပြုလုပ်ပါ
လိင်ဆက်ဆံခြင်းဟာ လူတွေရဲ့ သဘာဝကျတဲ့ ရင်းနှီးဆက်ဆံမှုတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုတွေ ရှိထားဖို့ လိုပါတယ်။
ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုပါ
-လိင်ဆက်ဆံမှု စတင်ချိန်ကနေ ပြီးဆုံးတဲ့အထိ ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုပါ။ ကွန်ဒုံးဟာ မလိုလား အပ်တဲ့ ကိုယ်ဝန်ရရှိနိုင်ခြေနဲ့ HIV၊ Gonorrhea၊ Chlamydia စတဲ့ STI ကူးစက်နိုင်ခြေတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ အရေပြားချင်း ထိတွေ့မှုကနေ ကူးစက်နိုင်တဲ့ ရေယုန်ပိုး Herpes နဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ပိုး HPV လို ရောဂါအချို့ကိုတော့ အပြည့်အဝ မကာကွယ်နိုင်ပါဘူး။
PrEP အကြောင်း သိကိုသိထားရပါမယ်
-HIV ထိတွေ့နိုင်ခြေ ဆက်လက်ရှိနိုင်သူတွေအတွက် PrEP (Pre-Exposure Prophylaxis) လို့ခေါ်တဲ့ HIV ကြိုတင်ကာကွယ်ရေး ဆေးဝါး ရှိပါတယ်။ PrEP ကို သင့်တော်တဲ့နည်းလမ်းနဲ့ အသုံးပြုခြင်းက လိင်ဆက်ဆံမှုကနေ HIV ကူးစက်နိုင်ခြေကို အင်မတန်ထိရောက်စွာ လျှော့ချနိုင်ပါတယ်။ ဒါပေမဲ့ PrEP ဟာ ကိုယ်ဝန်နဲ့ အခြား STI တွေကို မကာကွယ်နိုင်တာကြောင့် ကျန်းမာရေးအသိ အမြဲရှိရပါမယ်။
လိင်ဆက်ဆံဖက်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ
-အပြန်အလှန် သဘောတူညီမှု၊ ကွန်ဒုံးအသုံးပြုမှု၊ ကိုယ်ဝန်တားနည်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး အကြောင်းတွေကို လေးစားမှုရှိရှိ ဆွေးနွေးနိုင်ခြင်းဟာ နှစ်ဦးစလုံးရဲ့ လုံခြုံရေးအတွက် အရေးကြီး ပါတယ်။
စစ်ဆေးမှုအဖြေတွေ မတိကျမသေချာသေးတဲ့အချိန်နဲ့ ကုသမှုခံယူနေချိန်တွေမှာ လိင်ဆက်ဆံမှုကို ခေတ္တရှောင်ခြင်း ဒါမှမဟုတ် ကွန်ဒုံးစနစ်တကျ အသုံးပြုခြင်းနဲ့ နောက်ထပ် ကူးစက်မှုအန္တရာယ်တွေကို လျှော့ချပါ။
ခဏတာ အမှားတစ်ခုကြောင့် သင့်ရဲ့ အနာဂတ်ကို မဆုံးရှုံးပါစေနဲ့
လူတိုင်းရဲ့ ဘဝမှာ မမျှော်လင့်ထားတဲ့ အတွေ့အကြုံတွေ၊ ကြိုတင်မစဉ်းစားမိခဲ့တဲ့ ဆုံးဖြတ်ချက်တွေ ရှိတတ်ပါတယ်။ တစ်ခါတလေ စိတ်ခံစားချက်တွေကြောင့်၊ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် ဒါမှမဟုတ် ကြိုတင်ကာကွယ်မှု မပြုလုပ်မိတာကြောင့် ကျန်းမာရေး အန္တရာယ်တွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။
အကာအကွယ်မဲ့ လိင်ဆက်ဆံမိခဲ့တာကြောင့် အလွန်အမင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့။ ဖြစ်နိုင်ချေရှိတဲ့ ကျန်းမာရေး အန္တရာယ်တွေကို လျစ်လျူရှုထားမိတာကမှ နစ်နာတာပါ။ အချိန်မီ HIV PEP ရယူခြင်း၊ အရေးပေါ် ကိုယ်ဝန်တားနည်း အသုံးပြုခြင်း၊ STI စစ်ဆေးမှု ခံယူခြင်းနဲ့ လိုအပ်တဲ့ ကုသမှုတွေ ရယူခြင်းဟာ ကျန်းမာရေး ကာကွယ်ပေးနိုင်တဲ့ အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။
အရှက်ကြောင့် ဆေးခန်းမသွားရဲတာ၊ ကြောက်ရွံ့မှုကြောင့် စစ်ဆေးမှု မခံယူရဲတာတွေဟာ ကျန်းမာရေးအတွက် အကူအညီ ရရှိနိုင်မယ့် အချိန်တွေကို ဆုံးရှုံးစေနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကူအညီယူခြင်းဟာ ရှက်စရာကိစ္စ မဟုတ်ပါဘူး။ မိမိကိုယ်ကိုယ် တန်ဖိုးထားပြီး ကျန်းမာရေးအတွက် တာဝန်ယူခြင်းသာ ဖြစ်ပါတယ်။
အတိတ်က အဖြစ်အပျက်တစ်ခုကို ပြန်လည်ပြောင်းလဲလို့ မရနိုင်ပေမဲ့ အဲဒီအဖြစ်အပျက်နောက်မှာ ကျွန်တော်တို့ ဘာလုပ်မလဲဆိုတာကိုတော့ ရွေးချယ်နိုင်ပါတယ်။ ကိုယ့်ကျန်းမာရေး၊ လိင်ဆက်ဆံဖော်ရဲ့ ကျန်းမာရေးနဲ့ အနာဂတ်အတွက် မှန်ကန်တဲ့ ရွေးချယ်မှုတွေကို အချိန်မီ ပြုလုပ်ပါ။ လိင်ဆက်ဆံခြင်းဟာ ရှက်စရာကိစ္စ မဟုတ်ပါဘူး။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သိရှိနားလည်ပြီး မိမိကိုယ်ကိုယ်နဲ့ အခြားသူတွေကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းဟာ တာဝန်သိတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။
နောက်တစ်ပတ်မှာတော့ “အကယ်၍ သင် နှာခေါင်းသွေးလျှံခဲ့လျှင်” ဆိုတဲ့ အတွေ့အကြုံအခြေပြု ဘဝမှာ အကောင်းဆုံး ကျန်းမာရေး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ပညာပေးဆောင်းပါးကို ဖော်ပြပေးမှာပါ။ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။