ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာတွင် ပစ္စည်းလု၊ မီးရှို့နေသည့် စစ်ကောင်စီစစ်ကြောင်းအား နိုဝင်ဘာလ ၁၅ ရက် ညနေ ၄ နာရီခွဲတွင် ဇာမဏီပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များမှ စုပေါင်းတိုက်ခိုက်ခဲ့ရာ တပ်သား ၃ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။
အင်အား ၁၀၀ ဝန်းကျင်ပါရှိသည့် အဆိုပါစစ်ကြောင်းအား ပူးပေါင်းတပ်ဖွဲ့များမှတိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ကျော်ကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အရေးနိမ့်မှုကြောင့်ဆီမီးခုံရေနက် ဆိပ်ကမ်းရှိ စစ်သင်္ဘော ၃ စီးမှလက်နက်ကြီးဖြင့်ပစ်ကူပေးခဲ့ကြောင်း သိရသည်။
“မြောင်ကိုစစ်ကြောင်းထိုးနေတာကြာပီ၊ ခုစစ်ကြောင်းက နဂါးပေါက်ရွာမှာ မီးရှို့၊ ပစ္စည်းလု၊ ဓားမြတိုက်ပြီးပြန်ထွက်လာတာ၊ လူတစ်ယောက်ကိုလည်းဓားစာခံဖမ်းလာတယ်၊ တိုက်ပွဲဖြစ်ပြီး စက်လှေပေါ်ပြန်တက်နေတဲ့ စစ်သားတွေကိုကိုးလုံးကျည်နဲ့ပစ်တာ တစ်ယောက်ထပ်သေတယ်လို့တော့ကြားရတယ်”ဟု Myitnge People Defense Force ခေါင်းဆောင်မှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါစစ်ကြောင်းမှ မီးရှို့ခဲ့သည့်နဂါးပေါက်ရွာရှိနေအိမ် ၄၅ လုံးအား Myitnge People Defense Force အပါအဝင်ပူးပေါင်း တပ်ဖွဲ့များမှဝိုင်းဝန်းမီးငြိမ်းသတ်ပေးခဲ့ကြောင်း သိရပါသည်။
#မြောင် #နဂါးပေါက် #စစ်ကောင်စီတပ် #တိုက်ပွဲသတင်း #AyeyarwaddyTimes