ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
ဧရာ၀တီတိုင်း ပုသိမ်ထောင်မှာဖမ်းဆီးထားတဲ့ မြန်မာသံတော်ဆင့်သတင်းထောက်ကိုရဲရင့်ထွန်းဟာဒီနေ့ညနေပိုင်းကပြန်လည်လွှတ်မြောက်လာတယ်လို့ မိသားစုနဲ့နီးစပ်တဲ့အသိုင်းအ၀န်းကနေသိရပါတယ်။
“ဒီနေ့လွှတ်မယ်ပြောလို့ တနေ့ကုန်စောင့်နေကြတာ။ ညနေ ၆ နာရီကျော်မှာ လွှတ်တယ်။ သတင်းထောက် ကိုရဲရင့်ထွန်းလည်း ပါပါတယ်။ လုံခြုံရေးတင်းကြပ်ထားလို့ ဓာတ်ပုံရိုက်လို့တောင် မရဘူး”လို့ ပုသိမ်ထောင်ရှေ့ သွားရောက်စောင့်ဆိုင်းခဲ့တဲ့ မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်က်ို ပြောပါတယ်။
ကိုရဲရင့်ထွန်းဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲကို စစ်တပ်နဲရဲက အကြမ်းဖက်နှိမ်နှင်းမှုကို သတင်းရယူနေစဥ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
၂၀၂၂ခုနှစ် မတ်လ၂၃ရက်နေ့မှာ ပုသိမ်အကျဥ်းထောင်တွင်းတရားရုံးကနေ ၅၀၅(က)၊ ၅၀၅(ခ)အမှု၂မှုနဲ့ တရားစွဲဆိုပြီးထောင်ဒဏ်၂နှစ်ချမှတ်ခံခဲ့ရပြီး ဒီနေ့ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ အကျဥ်းသားတွေကိုညနေ၆နာရီအချိန်ကြမှစတင်လွှတ်ပေးတာဖြစ်ပြီးလွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသား ၅၀နီးပါးပါ၀င်တယ်လို့သိရပြီးတခြားအမှုအကျဥ်းသားတွေအပြင်ရဲဘက်စခန်းတွေက အကျဥ်းသားတွေပါ၀င်တယ်လို့အကျဥ်းဦးစီးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီကဖမ်းဆီးထားတဲ့ မြန်မာသံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်း၊ အပျော်တမ်းဓာတ်ပုံဆရာကိုဆန်းမြင့်၊ ပုသိမ်အခြေစိုက်လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာဦးမြင့်နိုင်တို့ ပြန်လည်လွှတ်မြောက်လာတာ မြင်တွေ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေကဆိုပါတယ်။
လက်ရှိပုသိမ်အကျဥ်းထောင်ရှေ့မှာစစ်ကောင်စီတပ်ဖွဲ့၀င်တစ်ချို့နဲရဲတပ်ဖွဲ့၀င်တွေအင်အားအများပြားရောက်ရှိနေပြီး ပုသိမ်မြို့ကနိုင်ငံရေးအကျဥ်းသားတွေရဲ့မိသားစု၀င်တွေ စောင့်ဆိုင်းနေတယ်လို့သိရပါတယ်။