နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းမ်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်စာရွက်စာတမ်းများတွင် ဥပဒေရေးရာ အသေးစိတ်အချက်အလက်များ ပါဝင်နေသဖြင့် အချိန်ယူလေ့လာဆန်းစစ်ရန် လိုအပ်နေသေးကြောင်းနှင့် စာတမ်းများအား အပြည့်အစုံ သုံးသပ်ပြီးမှသာ တရားဝင်တုံ့ပြန်ချက်နှင့် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကို ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ရွေးတုအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောကြားလိုက်သည်။
နိုဝင်ဘာ ၂၀ ရက်က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ အပြီးသတ်ဆုံးဖြတ်ချက် စာတမ်းမှာ စာမျက်နှာ ၁၈၆ မျက်နှာရှိပြီး တရားသူကြီးများ၏ သီးခြားသဘောထားမှတ်ချက်များမှာ စာမျက်နှာ ၂၆၄ မျက်နှာအထိ ရှိသည်။
ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် ICJ က ချမှတ်ခဲ့သည့် စီရင်ချက်သည် တရားမျှတမှုမရှိကြောင်းလည်း ဒေါ်ခိုင်ခိုင်စိုးက တုံ့ပြန်ပြောဆိုခဲ့သည်။ ယင်းစီရင်ချက်တွင် တရားသူကြီး ၁၅ ဦးအနက် ကိုး ဦးကသာ ထောက်ခံမဲပေးခဲ့ပြီး ခြောက် ဦးက ကန့်ကွက်ခဲ့သည်။
“၁၅ ယောက်လုံးက သဘောတူတာ မဟုတ်ပါဘူး။ ကိုး ယောက်က သဘောတူပြီး ခြောက်ယောက်က သဘောမတူဘူးဆိုတော့ ဒါသည် တညီတညွတ်တည်း ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး၊ တရားမျှတမှု မရှိဘူး (Fair မဖြစ်ဘူး) လို့ ပြောချင်ပါတယ်” ဟု ဒေါ်ခိုင်ခိုင်စိုးက ဆိုသည်။
ယခုစီရင်ချက်သည် ရိုဟင်ဂျာပြည်သူများနှင့် မြန်မာနိုင်ငံ၏ တရားမျှတမှု ရှာဖွေရေးခရီးစဉ်အတွက် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း NUG က ဆိုသည်။ ထို့အပြင် တရားရုံး၏ တွေ့ရှိချက်နှင့် စီရင်ချက်များကို သေချာစွာ လေ့လာသုံးသပ်ပြီး ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု NUG အစိုးရ နိုင်ငံတော်ယာယီသမ္မတက တုန့်ပြန်ပြောဆိုထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ICJ တရားရုံး၏ အခွင့်အာဏာနှင့် စီရင်ချက်အပေါ် လေးစားအသိအမှတ်ပြု ကြိုဆိုကြောင်း နိုဝင်ဘာ ၁၉ ရက်တွင်သဘောထားထုတ်ပြန်ခဲ့သည်။
ရိုဟင်ဂျာများအတွက် တရားမျှတမှု ရှာဖွေရာတွင် နိုင်ငံတစ်ဝန်း၌ ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ အဆုံးသတ်ရေးနှင့် ကျူးလွန်သူများကို အပြစ်ပေးအရေးယူနိုင်ရေးတို့ကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ရိုဟင်ဂျာများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး၊ နိုင်ငံသားဖြစ်ခွင့် ရရှိရေးတို့အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း NUG က ပြောဆိုထားသည်။