နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှ ဆုံးဖြတ်ချက် ချမှတ်လိုက်မှုသည် ဒေါ်အောင်ဆန်းစုကြည်၏ အဖေတူလူပြိန်းကြိုက် လက်ခုပ်ချူချင်မှုကြောင့် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူဟောင်းလည်းဖြစ် ပါတီဗဟိုကော်မတီဝင်လည်းဖြစ်သည့် ဒေါ်ယဉ်မင်းမြင့်ဆွေက ရိုင်းပြစွာဝေဖန်ပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)အဖွဲ့ဝင် ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုထားသည့် ထိုအမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးတွင် ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်၌ ဆုံးဖြတ်ချက် ချမှတ်လိုက်ရာ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်ယဉ်မင်းမြင့်ဆွေက ဗိုလ်ချုပ်အောင်ဆန်းကိုပါ လူပြိန်းကြိုက် လက်ခုပ်ချူသူဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဘွားတော်က လူပြိန်းကြိုက် လက်ခုပ်ချူချင်လို့ အမှုသွား ရင်ဆိုင်တာက စတဲ့ပြဿနာ။ ဂရုမစိုက်ပဲ လွှတ်ပေးထားရမယ့်ကိစ္စကို အရူးထချက်က အဖေတူသမီး” ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင်ရေးသားပြောဆိုသည်။

စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရ လက်ဝေခံ ကြံ့ခိုင်ရေးပါတီသည် အာဏာသိမ်းရန် အဓိကမြှောက်ပင့်ပေး၍ အလိုတော်ကျ ဝါဒဖြန့်လျက်ရှိပြီး ယင်းအမှုတွင်လည်း ပါဝင်ပတ်သက် ဆက်နွယ်မှုများ ရှိနေကြသလို လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်လာအောင် နှိုးဆော်လျက်ရှိကြောင်း သိရသည်။

“တရားစွဲတယ်ဆိုတာ နစ်နာသူက တရားလိုလုပ်ရတာ။ လက်တစ်ဆုပ်လောက် စုတ်ပြတ်နေတဲ့ ဂမ်ဘီယာနိုင်ငံနဲ့ရော အဲ့ကနိုင်ငံသားတွေနဲ့ရော ကိုယ့်နိုင်ငံနဲ့ ဘာပတ်သက်မှုမှမရှိခဲ့။ အဲ့မှာတင် တရားစွဲဆိုရန်အကြောင်း မပေါ်ပေါက်။ နိုင်ငံကိုစွဲတာ သူ့ပထွေးထောင်ကျမယ်ထင်ပြီး မေမေနှင့်သားသမီးများ ICJ တရားရုံးတက်ပြီး ဟော့ရှော့လုပ်လိုက်တာ တကယ်နိုင်ငံနာတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ ရွေးတုအစိုးရ လက်အောက်ခံ ဝါဒဖြန့်ချန်နယ်များ၊ စစ်လော်ဘီ အုပ်စုများ၊ အမျိုးသားရေးအမည်ခံ အစွန်းရောက် မဘသအဖွဲ့များကလည်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ICJ ၏ ဆုံးဖြတ်ချက်အပေါ် လက်ခံကျေနပ်မှုမရှိဘဲ ပဋိပက္ခဖြစ်အောင် နှိုးဆော်မှုဖြင့် စွပ်စွဲတုန့်ပြန် ရေးသားလျက်ရှိကြောင်း သိရသည်။

အဆိုပါအမှုသည် ရခိုင်ပြည်နယ်တွင် ပြီးခဲ့သော ၂၀၁၆ -၂၀၁၇ ခုနှစ်က ဖြစ်ပွားခြင်းဖြစ်ပြီး ထိုအချိန်၌ တပ်ချုပ်ဖြစ်သည့် လက်ရှိအာဏာသိမ်း ရွေးတုသမ္မတ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်၍ စစ်အုပ်စုမှ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအဖြစ် ကျူးလွန်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ကျူးလွန်မှုကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့် မြို့နယ်များရှိ ရိုဟင်ဂျာလူမျိုး ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများအပါအဝင် လူတစ်သောင်းကျော် ရက်ရက်စက်စက် သတ်ဖြတ်ခံရကာ အိမ်နီးချင်း နိုင်ငံများသို့ သိန်းနှင့်ချီ၍ တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ဂမ်ဘီယာနိုင်ငံမှ တရားလိုပြုလုပ်၍ တရားစွဲဆိုလာခြင်းဖြစ်ပြီး ICJ တရားရုံး၏ သမိုင်းအစဉ်အလာအရ လူမျိုးတုံး သတ်ဖြတ်မှုများ ကျူးလွန်တာဝန်ရှိကြောင်း နိုင်ငံတစ်နိုင်ငံကို စီရင်ဆုံးဖြတ်ချက် ချမှတ်မှုမှာ မြန်မာနိုင်ငံသည် ပထမဆုံးဖြစ်ကာ ရွေးတုအစိုးဘက်ကမူ တရားဝင် တုံ့ပြန်မှု မရှိသေးပေ။

ဓာတ်ပုံ – ဒေါ်ယဉ်မင်းမြင့်ဆွေ