ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်
မလေးရှားနိုင်ငံရှိ ဒုက္ခသည်များအတွက် လူသစ်မှတ်ပုံတင်ခြင်းနှင့် ကတ်သက်တမ်းတိုးခြင်း လုပ်ငန်း များကို ယာယီရပ်ဆိုင်းထားသော်လည်း ဖမ်းဆီးထိန်းသိမ်းခံရမှုဆိုင်ရာ အရေးပေါ် အကာအကွယ် ပေးရေးနှင့် တတိယနိုင်ငံ ပြန်လည်အခြေချနေထိုင်ရေး လုပ်ငန်းများကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားအစိုးရ၏ ဖိအားပေးမှုကြောင့် နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်၍ လူသစ်မှတ်ပုံတင်ခြင်း၊ ကတ်သက်တမ်းတိုးခြင်း၊ ကတ်ပျောက် ပြန်လည်လျှောက်ထားခြင်းနှင့် မွေးကင်းစကလေး စာရင်း သွင်းခြင်း လုပ်ငန်းများကို UNHCR က ယာယီရပ်ဆိုင်းထားရခြင်း ဖြစ်သည်။
သို့သော် ဒုက္ခသည်များ မရှိမဖြစ် လိုအပ်သည့် အရေးပေါ် အကာအကွယ်ပေးရေးနှင့် ဖမ်းဆီးထိန်းသိမ်း ခံရမှုဆိုင်ရာ အကူအညီများ၊ တတိယနိုင်ငံသို့ ပြန်လည်အခြေချနေထိုင်ရေး (Resettlement)နှင့် အခြားတရားဝင်လမ်း ကြောင်းများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။
“UNHCR ရဲ့ လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းလိုက်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အခုလောလော ဆယ်တော့ လူသစ်မှတ်ပုံတင်တာ၊ ကတ်သက်တမ်းတိုးတာ၊ အသစ်လျှောက်တာ၊ ပျောက်ဆုံး လျှောက်တာကိုတော့ ယာယီရပ်ဆိုင်းထားပါတယ်” ဟု မလေးရှားအခြေစိုက် မရာဒုက္ခသည်အဖွဲ့အစည်း (MRC) မှ Henry Moses က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ဒုက္ခသည်များအတွက် ကျန်းမာရေးဆိုင်ရာ အကူအညီများ၊ လိင်နှင့် ကျားမအခြေပြု အကြမ်းဖက်မှု ခံရသူများအတွက် ပံ့ပိုးကူညီမှုများနှင့် ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများကိုလည်း ဆက်လက် ပေး အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မလေးရှားအစိုးရဘက်က ဒုက္ခသည်များကို ကိုယ်တိုင်စီမံခန့်ခွဲမည့် DPP (Dokumen Pendaftaran Pelarian) စနစ်ဘက်သို့ ကူးပြောင်းရန် ပြင်ဆင်နေသော်လည်း အသေးစိတ် လုပ်ထုံးလုပ်နည်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။
“လက်ရှိ မလေးရှားအစိုးရဘက်က ဒုက္ခသည်တွေကို ကိုယ်တိုင်စီမံခန့်ခွဲမယ့် DPP စနစ်ဘက် ကူးပြောင်းဖို့ ပြင်ဆင်နေပေမဲ့ အသေးစိတ် လုပ်ထုံးလုပ်နည်းတွေ မထွက်ပေါ်သေးတာကြောင့် ကတ်သက်တမ်းကုန်ဆုံးသူတွေ၊ ကတ်ပျောက်ဆုံးသူတွေ အခက်အခဲ ကြုံတွေ့နေရတယ်” ဟု Henry Moses က ဆက်လက်ပြောကြားသည်။
အဆိုပါ ကတ်သက်တမ်းတိုးခြင်းနှင့် အသစ်ပြန်လည်ထုတ်ပေးရေးဆိုင်ရာ အခက်အခဲများကို မည်သို့ ဆက် လက်ဆောင်ရွက်မည်ဆိုသည်ကို UNHCR နှင့် မလေးရှားအစိုးရတို့အကြား ညှိနှိုင်းဆွေးနွေး နေဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့