ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးမပေး သူမအပေါ်သာ မူတည်ကြောင်း အာဏာသိမ်း ရွေးတုအစိုးရ၏ ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

 

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်တွင် ယနေ့ နိုဝင်ဘာ ၂၀ ရက်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

“ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ ဖုန်းပြောခွင့်ပေးတယ်။ နောက်ကျွန်မတို့ အကျဉ်းထောင်မှာ မထားဘူး။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ မဲမသမာမှု၊ အဂတိလိုက်စားမှု၊ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ ဆောင်ရွက်ခဲ့တယ်” ဟု ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

ထို့ကြောင့် တရားဥပဒေအရ ပြစ်မှုထင်ရှားသည့်အတွက် အရေးယူထားခြင်း ဖြစ်သော်လည်း ရွေးတုသမ္မတ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် သူမ၏ အသက်အရွယ်၊ လူသားချင်းစာနာထောက်ထားမှုကို ရှေးရှု၍ ပြစ်ဒဏ်လျော့ပေါ့ပေးထားကြောင်း ဆက်လက်ပြောဆိုသည်။

 

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်သည်ဟု အကြောင်းပြချက်ဖြင့် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတာဝန်ရှိသူများ စသည်တို့ကို ဖမ်းဆီးချုပ်နှောင်ခဲ့၍ စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရက အာဏာသိမ်းထားခြင်းဖြစ်သည်။

 

“သူ့ကို လွှတ်ပေးဖို့ နိုင်ငံတကာက ပြောနေတဲ့အပေါ် (ရွေးတု)သမ္မတကြီး ဖြေတဲ့အတိုင်းပဲ ‌ဖြေပါ့မယ်၊ ဒါဟာ သူ့မူဝါဒပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာပဲ မူတည်ပြီးတော့ လျော့ပေါ့စဉ်းစားဖို့ အချက်အလက်တွေ ရှိရင်လည်း လျော့ပေါ့စဉ်းစားပါ့မယ်” ဟု ရွေးတုအစိုးရ ပြောခွင့်ရက ပြောသည်။

 

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို တစ်ကြိမ်တွေ့ခွင့်နှင့် သားဖြစ်သူအား တစ်ကြိမ်ဖုန်းပြောခွင့်သာ ရွေးတုအစိုးရက ပေးထားပြီး ကျန်သူများကို တွေ့ဆုံခွင့် ငြင်းဆိုထားသည်။