ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

KNU အနေဖြင့် ရိုဟင်ဂျာများကို မြန်မာနိုင်ငံရှိ ပြည်သူများအဖြစ် ကာလကြာရှည်ကတည်းက အသိအမှတ်ပြုခဲ့ပြီး တရားမျှတမှုနှင့် တန်းတူအခွင့်အရေးအတွက် အတူတကွရပ်တည်ခဲ့ကာ သတ်ဖြတ်ခံရသူများကို အသိမှတ်ပြုပြီး ဆယ်စုနှစ်တစ်ခုနီးပါး ကြိုးပမ်းခဲ့ရသည့် ရှင်သန်ကျန်ရစ်သူ ရိုဟင်ဂျာများကို လေးစားကြောင်းဖော်ပြခဲ့စည်။

ထို့ပြင် အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအနေဖြင့် စီရင်ချက်ကိုအကောင်အထည်ဖော်ရန် ကူညီထောက်ပံ့ရာတွင်လည်းကောင်း၊ လူသားချင်းစာနာမှု အကူအညီများ ရရှိစေရန် ဆောင်ရွက်ရာတွင်လည်းကောင်း ရိုဟင်ဂျာ အသိုင်းအဝိုင်းများ၊ သက်ဆိုင်ရာအာဏာပိုင်များ၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) နှင့် အာရက္ခတပ်တော်(AA) တို့နှင့်ချိတ်ဆက်ဆောင်ရွက်ရန်လည်း KNU ကတောင်းဆိုခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ် စစ်ဆင်ရေးများကို လုပ်ဆောင်ခဲ့သည့် စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် ဆက်လက်ရှိနေဆဲဖြစ်သည့်အတွက် ICJ ၏ စီရင်ချက်ကို အကောင်အထည်ဖော်ရာ၌ လွတ်လပ်စွာစောင့်ကြည့်စစ်ဆေးနိုင်ရေး အထူးအရေးကြီးကြောင်း KNU ကပြောဆိုခဲ့သည်။

သက်သေအထောက်အထားများ ထိန်းသိမ်းရန်၊ အသက်ရှင်ကျန်ရစ်သူများနှင့် သက်သေများကို ကာကွယ်ရန်နှင့် ယုံကြည်လက်ခံနိုင်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ တရားစွဲဆိုနိုင်ရန်လိုအပ်ပြီး စီရင်ချက်အကောင်ထည်ဖော်မှုတွင် စ်နာမှုများအတွက် လျော်ကြေးပေးရေး၊ နေရပ်စွန့်ခွာခဲ့ရသော ရိုဟင်ဂျာများ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနေရပ်ပြန်နိုင်ခွင့် စသည့်တို့ ပါဝင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

KNU အနေဖြင့် ရိုဟင်ဂျာများ၏ တန်းတူညီမျှသော နိုင်ငံသားဖြစ်ခွင့်နှင့် မိမိကိုယ်ကိုရိုဟင်ဂျာအဖြစ်ဖော်ထုတ်ခွင့်နှင့် မြန်မာ့အနာဂတ်ဆုံးဖြတ်ချက်များတွင် ပါဝင်ခွင့်ကို ထပ်လောင်းအတည်ပြုပြီး စစ်တပ်၏ရာဇဝတ်မှုများကြောင့်ထိခိုက်နစ်နာခဲ့ရသည့် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံး တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောဆ်ိုခဲ့သည်။