ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်

 

မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေးအရေးယူမှုဆိုင်ရာ သဘောတူညီမှုစာချုပ်ဆိုင်ရာ တရားစွဲဆိုထားသည့် အမှုတွင် နိုင်ငံတကာတရားရုံး(ICJ)က ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်ကို ရိုဟင်ဂျာနှင့် အခြားမြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၂၁၉ ဖွဲ့က ကြိုဆိုကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

 

ထို့ပြင် အဓိကတာဝန်ရှိသူဖြစ်သည့် ရွေးတုသမ္မတမင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်ခေါင်းဆောင်များအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး အစွမ်းကုန်ဆောင်ရွက်ပေးရန်လည်း နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုခဲ့ကြောင်း သိရသည်။

တရားရုံး၏ တွေ့ရှိချက်အရ မြန်မာစစ်တပ်သည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ရိုဟင်ဂျာများအပေါ် “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ” မှတစ်ဆင့် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ချိုးဖောက်၍ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း သိရသည်။

 

ICJက ရိုဟင်ဂျာ အသက်ရှင်ကျန်ရစ်သူများ ဆယ်စုနှစ်နီးပါး ပြောကြားခဲ့သည်များနှင့် ၂၀၁၈ ခုနှစ် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့၏ တွေ့ရှိချက်များကို လက်ရှိတွင် အတည်ပြုလိုက်ပြီဖြစ်သည်။

 

ထို့ပြင် ရိုဟင်ဂျာများ ပျက်သုဉ်းခဲ့ရမှုသည် ကံဆိုးမိုးမှောင်ကျမှု သို့မဟုတ် စစ်ပွဲ၏ လွန်ကဲမှုကြောင့် မဟုတ်ဘဲ မြန်မာစစ်တပ်က ကြံစည်ကျူးလွန်ခဲ့သည့် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်ကြောင်းနှင့် မည်သည့်အခါမျှ ငြင်းဆို၍ မရနိုင်တော့ကြောင်း Justice for Myanmar ကထုတ်ပြန်ခဲ့သည်။

 

JFM အပါအဝင် ရိုဟင်ဂျာနှင့် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၁၉ ဖွဲ့သည် ရိုဟင်ဂျာထိခိုက်နစ်နာသူများနှင့် အသက်ရှင်ကျန်ရစ်သူများနှင့်အတူ ရပ်တည်နေမည်ဖြစ်ပြီး ယမန်နေ့က ချမှတ်လိုက်သည့်အပြီးသတ်ဆုံးဖြတ်ချက်သည် အသက်ရှင်ကျန်ရစ်သူများအတွက်သာမက တရားစီရင်မှုကို ကြားသိခွင့်မရလိုက်ဘဲ အသက်ဆုံးရှုံးခဲ့ကြရသူများအတွက်လည်း ဖြစ်ကြောင်းထုတ်ပြန်ပြောဆိုခဲ့သည်။

 

ဆက်လက်၍ ရိုဟင်ဂျာများနှင့် မြန်မာပြည်သူအားလုံးအပေါ် စစ်တပ်၏ ရက်စက်မှုများကို အဆုံးသတ်နိုင်ရေး ဝန်းရံကူညီပေးကြရန်လည်း JFM ကတောင်းဆိုခဲ့သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်