ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
ဧရာဝတီတိုင်း၊ ဇလွန်မြို့မှာ စစ်ကောင်စီခန့်ထားတဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူးက မှတ်ပုံတင်လာလုပ်တဲ့သူတွေကို ငွေကျပ် ၂ သိန်းခွဲထိ တောင်းယူတာတွေလုပ်နေတယ်လို့ သိရပါတယ်။
ကယားပြည်နယ်ကနေ ပြောင်းရွှေ့လာတဲ့ စစ်ကောင်စီလက်အောက်ခံ ဇလွန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး စောမြင့်သောင်းက မှတ်ပုံတင်လာလုပ်တဲ့ ပြည်သူတွေကို ငွေတောင်းတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
သူကလူကိုကြည့်ပြီးမှတောင်းတာ အမြန်လာလုပ်ရင် အမြန်ကြေးပေးရတဲ့ပုံစံမျိုးပေါ့ အစားစားယူတယ် ၁ သောင်းခွဲကနေ ၂ သိန်းခွဲထိတောင်းတာမျိုးရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မှတ်ပုံတင်လာလုပ်တဲ့ပြည်သူတွေကို အမြန်လိုချင်ရင် ငွေ ၁၆၀၀၀ တောင်းတာရှိသလို တစ်ခါတစ်ရံမှာ ၂၀၀၀၀ တောင်းပြီး ပေးနိုင်တဲ့ပုံစံမျိုးရှိတဲ့သူဆိုရင် ငွေကျပ် ၂ သိန်းခွဲထိတောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် စစ်ကောင်စီခန့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူးက အိမ်ထောင်စုစာရင်းလုပ်တဲ့အခါမှာလည်း ငွေကျပ် ၁၀၀၀၀ ကနေ ၁၅၀၀၀ တောင်းတာမျိုးတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။