ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ ကျင်းပမည့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် နောက်ဆုံးပိတ် ထိပ်သီးအစည်းအဝေးများသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သော်လည်း အာဏာသိမ်း ရွေးတုသမ္မတ မင်းအောင်လှိုင် အပါအဝင် နိုင်ငံရေးအဆင့် ခေါင်းဆောင်များကိုမူ အာဆီယံက ဆက်လက်ဖယ်ထုတ်ထားကြောင်း သိရသည်။
စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ထိပ်ပိုင်းစစ်ခေါင်းဆောင်များ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ၂၀၂၅ နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရွေးတုသမ္မတ ဖြစ်လာမှုကိုလည်း အာဆီယံက တရားဝင် အသိအမှတ်ပြုထားခြင်း မရှိပေ။

ထို့ကြောင့် ယခုအစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရွေးတုအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်အဆင့်သာ တက်ရောက်ခွင့်ရမည် ဖြစ်သည်။ အာဆီယံအဖွဲ့သည် ယခုနှစ်တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခွင့်ကိုလည်း ရွှေ့ဆိုင်းခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံကို အစားထိုး တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
၃ ရက်ကြာ ကျင်းပမည့် မနီလာထိပ်သီးအစည်းအဝေးသို့ အိမ်ရှင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနှင့် အဖွဲ့ဝင်သစ် တီမောလက်စ်တေ အပါအဝင် အာဆီယံ ၁၀ နိုင်ငံ (မြန်မာမပါ) မှ နိုင်ငံအကြီးအကဲများ တက်ရောက်ကြမည် ဖြစ်သည်။
ထို့အပြင် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ပြုလုပ်မည့် အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပါဝင်တက်ရောက်မည်ဖြစ်ပြီး၊ အာဆီယံ အပေါင်းသုံး (ASEAN Plus Three) နှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးများသို့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် ရုရှားနိုင်ငံတို့မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြမည် ဖြစ်သည်။
အာဆီယံဥက္ကဋ္ဌ၏ အထူးဧည့်သည်တော်များအဖြစ် ဘရာဇီးသမ္မတ လူလာ ဒါဆေးလ်ဗား၊ ကနေဒါဝန်ကြီးချုပ် မာခ် ကာနီ နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့မှ အရာရှိများလည်း တက်ရောက် မိန့်ခွန်းပြောကြားကြမည် ဖြစ်သည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်မည့် အစည်းအဝေး ပထမရက် အလွတ်သဘော ဆွေးနွေးပွဲများတွင် နိုင်ငံခေါင်းဆောင်များအနေဖြင့် ဖိလစ်ပိုင်၏ ဥက္ကဋ္ဌတာဝန်ယူခဲ့မှုအပေါ် ပြန်လည်သုံးသပ်ကြမည်ဖြစ်ပြီးမြန်မာ နိုင်ငံ၏ ပဋိပက္ခအခြေအနေများကိုလည်း အလေးပေး ဆွေးနွေးသွားကြမည် ဖြစ်သည်။
ကိုးကား – Philstar