နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်
အာဏာသိမ်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရမှ သိမ်းပိုက်နိုင်ခဲ့သည်ဆိုသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အထူးတိုင်းစစ်ဌာနချုပ်ကိစ္စရပ်မှာ အလုံးစုံမှန်ကန်မှုမရှိဘဲ လက်ရှိတွင် ကျွံဝင်လာသည့်စစ်တပ်ကို ချေမှုန်းတိုက်ခိုက်နေကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရက ပြောသည်။
မွန်၊ ကရင်၊ ပဲခူးနယ်စပ်ရှိ NUG ၏ အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် တပ်စခန်းများကို ယခုရက်ပိုင်းအတွင်း လက်နက်ခဲယမ်းများနှင့်အတူ သိမ်းပိုက်ရရှိခဲ့ဟု ရွေးတုအစိုးရမှ ၎င်းတို့ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ဖော်ပြလာခြင်းအပေါ် ဝန်ကြီးချုပ်ရုံး ပြောခွင့်ရက ထိုကဲ့သို့ တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။
“အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်မှုတွေဟာ အလုံးစုံမှန်ကန်မှုမရှိပါဘူး။ အထူးတိုင်းဆိုတာ လှုပ်ရှားစစ်တိုင်းဖြစ်သလို ဌာနချုပ်ဆိုတာလည်း ရွေ့လျားဌာနချုပ်ပဲဖြစ်ပါတယ်။ အထူးတိုင်းဌာနချုပ် ကျတယ်ဆိုတာ မရှိပါဘူး” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ဂွင်ထဲ ကျွံဝင်နေသည့် ရွေးတုအစိုးရတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ချေမှုန်းနေသဖြင့် ယခုထက်ပိုသော အချက်အလက်များအား လတ်တလော၌ ထုတ်ပြော၍ မရသေးဘဲ သင့်တော်သည့် အချိန်ရောက်လျှင် အချက်အလက်နှင့်တကွ ထုတ်ပြန်အသိပေးသွားမည်ဟု ၎င်းက ဆက်လက်
ပြောဆိုသည်။
အလားတူ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁)၊ ရင်း (၃) ဌာနချုပ်အပါအဝင် ယာယီတပ်စခန်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ရွေးတုအစိုးရက ဖော်ပြထားပြီး ထိုအပေါ် ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ဧရာဝတီတိုင်းမ် သတင်းဌာနမှ မေးမြန်းနေဆဲဖြစ်သည်။
သို့သော် မြေပြင်အခြေအနေ သိရှိထားသော ကရင်သတင်း အရင်းမြစ်များကမူ ရွေးတုအစိုးရအနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်လာသော်လည်း ၎င်းတို့ ထုတ်ပြန်သကဲ့သို့ ကရင်၊ မွန်၊ ပဲခူး နယ်စပ်ရှိ စခန်း ၁၁ ခုအထိ သိမ်းပိုက်နိုင်ခဲ့သည် ဆိုခြင်းမျိုးမှာ မဟုတ်မမှန်ကြောင်း ထောက်ပြပြောဆိုသည်။
ယင်းအတူ ထိတွေ့တိုက်ပွဲ လေးကြိမ်ဖြစ်ပွားကာ တပ်စခန်းများနှင့် လက်နက်မျိုးစုံ ၉၇ လက်၊ ကျည်မျိုးစုံ ၁၂၂၈၅ တောင့်၊ Drop Bomb ၃၆၂ လုံး၊ မိုင်းမျိုးစုံ ၁၃၉ လုံး၊ ကားနှစ် စီး၊ ဒရုန်းများ၊ လက်ပစ်ဗုံးများ၊ ဗုံးသီးများ၊ ဒီတိုနေတာများ သိမ်းဆည်းရမိခဲ့ကြောင်း ရွေးတုအစိုးရက ထုတ်ပြန်ထားသည်။
ထို့အပြင် ဆက်သွယ်ရေးစက်များ၊ ပစ်ကျင်းများ၊ ဘန်ကာ၊ လူနေတဲများ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ၊ ရိက္ခာပစ္စည်းများ၊ ကွန်ပျူတာအပါအဝင် ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ ပြောက်ကျား ဝတ်စုံများ၊ ကျည်ကာအင်္ကျီ၊ ဦးထုပ်များ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ စသည်တို့ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း NUG၊ PDF နှင့် KUN ၊ KNLA တို့ဘက်မှ တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံး ဆုံးရှုံးမှုများစွာဖြင့် ဦးတည်ရာမဲ့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားဟု ရွေးတုအစိုးရ၊ စစ်လော်ဘီတို့က ပြောဆိုနေသော်လည်း စိတ်ဓာတ်စစ်ဆင်ရေးတစ်ခု၊ ဝါဒဖြန့်မှုသာဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ရွေးတုအစိုးရ