ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်

 

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်‌အော်တို့မှ တိုက်ခတ်လာသော လေနွေးများအပါအဝင်တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းမှ တိုက်ခတ်လာသော လေအေးများတွေ့ဆုံမှုကြောင့် ယနေ့ နိုဝင်ဘာ ၁၁ မှ ၁၂ ရက်အတွင်း ရှမ်းပြည်နယ် ( မြောက်ပိုင်းနှင့် တောင်ပိုင်း) အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တွင် မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် ရှမ်းပြည်နယ် ( တောင်ပိုင်း) ဒေသအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသောကြောင့် ဒေသခံများရုတ်တရက် ရွေ့ပြောင်းနေကြရသည်။

ယနေ့ နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်အတွင်းရှမ်းပြည်နယ်( မြောက်ပိုင်းနှင့် တောင်ပိုင်း) အပါအဝင် မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် နေပြည်တော်တို့တွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုး/ဇလ ထုတ်ပြန်သည်။

 

ထို့ပြင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီ( ကယား) ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြားနေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်းပါဝင်သည်။

 

ယခုရက်ပိုင်းတွင်မိုးသည်းထန်စွာသွန်းမှုကြောင့် ညောင်ရွှေမြို့တွင် တာယောချောင်းရေကြီးရေလျှံပြီး လူနေအိမ်များထဲရေဝင်ရောက်မှုကြောင့် အရေးပေါ်ရွှေ့ပြောင်းရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် နမ့်စန်မြို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်သုံးရပ်ကွက်အတွင်းရှိ လူနေအိမ်များထဲသို့ ရေဝင်ရောက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်းပေးနေကြရသည်။

 

“နမ့်စန် ရပ်ကွက် ၂ ဆိုရင် တစ်ရပ်ကွက်လုံးရေမြှပ်နေပြီ။ အဲဒီရပ်ကွက်နားက ချောင်းနဲ့နီးတော့ တောင်ကျရေနဲ့ မိုးဆက်ရွာတဲ့ရက်များရင်အကုန်မြှပ်ကုန်တယ်။ ကုန်းမြင့်နေရာဘက်တွေလောက်ပဲ။ ဒီရက်ပိုင်း အဝေးပြေးကားတွေမထွက်ဘူး။ လမ်းမှာတောင်ပြိုတာဖြစ်မှာစိုးလို့” ဟု နမ့်စန်တွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။

 

လက်ရှိတွင် ရှမ်းပြည်နယ်( တောင်ပိုင်း) မြို့နယ်များဖြစ်သည့် ကလော၊ အောင်ပန်း၊ တောင်ကြီး၊ ပင်လုံ၊ ရွှေညောင်၊ ညောင်ရွှေ၊ ရပ်စောက်၊ ရွာငံ၊ ပင်းတယနှင့် နမ့်စန်မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင့်နေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်။

 

အဆိုပါ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်‌အော်တို့မှ တိုက်ခတ်လာသောလေနွေးများအပါအဝင် တရုတ်ပြည်မကြီးပေါ်ရှိလေဖိအားကြီးရပ်ဝန်းမှတိုက်ခတ်လာသော လေအေးများတွေ့ဆုံမှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် မြစ်၊ချောင်းအနီးနှင့် တောင်ပေါ်ဒေသနေထိုင်သူများသတိထားရန်လိုအပ်ကြောင်း မိုး/ဇလ ထုတ်ပြန်သည်။

 

အားအလွန်ကောင်းသောအယ်လ်နီညိုကာလထဲရောက်ရှိနေသောကြောင့် မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများမူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်းနှင့် မိုးခေါင်ရေရှားခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်