ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်
ရှမ်းမြောက်၊ မိုးမိတ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာကာ မိုးမိတ်မြို့အနီး သုံး မိုင်အကွာအထိ တပ်လန်ဆုတ်ခွာသွားရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တပ်သည် မိုးမိတ်-မြစ်ဆုံ-မဘိမ်း လမ်းကြောင်းအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အင်အား ၁,၀၀၀ ခန့် အသုံးပြု၍ ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါထိုးစစ်အတွင်း စစ်တပ်သည် မိုးမိတ်မြို့နှင့် ၁၀ မိုင်အကွာအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သော်လည်း KIA ပူးပေါင်းတပ်များ၏ တန်ပြန်ထိုးစစ်ကြောင့် မိုးမိတ်မြို့နှင့် သုံး မိုင်ခန့်အကွာအထိ ပြန်လည်ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်။
အဆိုပါ မိုးမိတ်ဒေသ ထိုးစစ်ကို စစ်တပ်၏ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်း သုံးရင်းပါဝင်သော စစ်ကြောင်းများဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ တပ်ဆုတ်ခဲ့ရခြင်းဖြစ်သည်။
“အခုထိ တန်ပြန်စစ်ဆင်ရာမှာ လက်နက် ၄၀ လက်နဲ့ သုံ့ပန်းတွေ ရရှိထားပါတယ်။ စကစတပ်တွေဟာ တဖြည်းဖြည်း ဆုတ်ရင်းနဲ့ မိုးမိတ်မြို့ထဲအထိ ပြန်ရောက်သွားရမယ့် အနေအထားမျိုး ဖြစ်နေပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တန်ပြန်ထိုးစစ် မစတင်မီကတည်းက KIA ပူးပေါင်းတပ်များက စစ်တပ်စစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိအဆင့်များ အပါအဝင် သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်း အများအပြားကိုသိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် မိုးမိတ်မြို့အနီးသို့ ဆုတ်ခွာနေရသည့် စစ်တပ်စစ်ကြောင်းများကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်လျက်ရှိပြီး နယ်မြေစိုးမိုးမှုများကို အဆင့်ဆင့် တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-၁၀၂၇ စစ်ဆင်ရေးအတွင်း မိုးမိတ်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့စဥ်(ပုံဟောင်း)