ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်
ရွေးတုအစိုးရစစ်တပ်၏ လေကြောင်းနှင့် မြေပြင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အမျိုးသမီး ၄၉ ဦးအထိအသက်သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ထားသည်။
သေဆုံးမှုအများစုမှာ စစ်အုပ်စု၏လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်ဖြစ်ပြီး အမျိုးသမီး ၄၇ ဦး အထိသေဆုံးကာ လက်နက်ကြီးထိမှန်မှုကြောင့် တစ်ဦး၊ သတ်ဖြတ်ခံရမှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး အသက်မပြည့်သေးသည့်မိန်းကလေးငယ် ကိုး ဦး အထိပါဝင်နေကြောင်း သိရသည်။

ထို့ပြင် စစ်အုပ်စု၏တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၄၅ ဦးအထိဒဏ်ရာရခဲ့ပြီး ၃၉ ဦးမှာ လေကြောင်း မှဗုံးကြဲခံရမှုကြောင့်ဖြစ်ပြီး ကျန် ခြောက် ဦးမှာ လက်နက်ကြီးထိမှန်မှုကြောင့် ဖြစ်ကြောင်း BWU ထုတ်ပြန်ချက်အရ သိရသည်။
စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာပြုလုပ်နေသည့် ရခိုင် ပြည်နယ်တွင် အမျိုးသမီး ၁၅ ဦး ဖြင့် သေဆုံးမှုဦးရေအများဆုံးဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းမှ ၁၃ ဦး၊ မကွေးတိုင်းမှ ၁၀ ဦး၊ မန္တလေးတိုင်းမှ ငါး ဦး သေဆုံးခဲ့ရသည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း စစ်တပ်၏အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၅၈ ဦး အထိသေဆုံးခဲ့ကာ ၎င်းတို့ထဲတွင် လေ ကြောင်းတိုက်ခိုက်ခံရမှုကြောင့် အများဆုံးထိခိုက် သေဆုံးခဲ့ရပြီး ရခိုင် ပြည်နယ်သည် အမျိုးသမီး ၁၇ ဖြင့် သေဆုံးမှုအများဆုံးဖြစ်ပွားခဲ့ရကြောင်း BWU ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်